မဲခေါင်၊ ဖေဖော်ဝါရီ ၆
ယူကရိန်း စစ်မျက်နှာသို့ ခရိုင်းမီးယားမှ တစ်ဆင့် စစ်ရေးထောက်ပို့မှုများပေးရန် ပြေးဆွဲနေသည့် ရုရှားလောင်စာတင် စစ်ရထားကြီးတစ်စီး လမ်းချော်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမြင့်ပေ ၁၀၀၀ ကျော်အထိ မီးဟုန်းဟုန်း တောက်လောင်မှု ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၄ ရက် သတင်းများအရ သိရသည်။
ပေါက်ကွဲမှုသည် တမ်ဘော့ဒေသရှိ ကိုချီတော့ဗ်ကာ – ၂ ရထားဘူတာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းစစ်ရထားသည် လောင်စာဆီ၊ စက်ပစ္စည်းများနှင့် အခြားစစ်ရေး ထောက်ပို့ပစ္စည်းများကို တင်ဆောင်လာခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မော်စကိုမှ ခရိုင်းမီးယားသို့ ပြေးဆွဲမည့် ရထားခရီးစဉ် ၈ ခုထက်မနည်း နှောင့်နှေး ကြန့်ကြာခဲ့ရသည်။
ရုရှားဘက်မှ ထုတ်ပြန်ချက်အရ ရထားမောင်းသူမှာ မီးငြိမ်းသတ်ရန် ကြိုးစားရင်း ဒဏ်ရာ ရရှိခဲ့သော်လည်း သေဆုံးသူ မရှိကြောင်း သိရသည်။
ယခု ပေါက်ကွဲမှုသည် ယူကရိန်း လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့၏ တိုက်ခိုက်မှု ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်သေးသော်လည်း ယူကရိန်းစပိုင်များသည် ရုရှားနိုင်ငံ အတွင်းပိုင်းရှိ စစ်ရေးနှင့် လောင်စာဆိုင်ရာ ပစ်မှတ်များကို ဆက်တိုက်ဆိုသလို ဝင်ရောက် တိုက်ခိုက်နေသဖြင့် ယူကရိန်း၏လက်ချက် ဖြစ်နိုင်သည်ဟု ရုရှားဘက်က သံသယရှိနေသည်။
၂၀၂၃ ခုနှစ်တွင်လည်း ရုရှားနှင့် တရုတ်အကြား ဆက်သွယ်ထားသည့် မိုင် ၃၀၀၀ ကျော်ရှည်လျားသော ရထား ဥမင်လိုဏ်ခေါင်းကို ယူကရိန်းဘက်က နေရာ ၄ နေရာတွင် ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် လက်နက်ပို့ဆောင်ရေး လုပ်ငန်းများ ကြီးမားစွာ ထိခိုက်ခဲ့ဖူးသည်။
လွန်ခဲ့သည့် ၄ နှစ်အတွင်း ယူကရိန်းစပိုင်များသည် ရုရှားနိုင်ငံ အတွင်းပိုင်းအထိ ဝင်ရောက်ကာ လျှို့ ဝှက်စစ်ဆင်ရေး များစွာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
ပြီးခဲ့သည့်နှစ် အတွင်းကလည်း အဆိပ်ခတ်ထားသော ရေဘူးများဖြင့် လုပ်ကြံမှုကြောင့် ရုရှားစစ်သား ၄ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongnews
#ရုရှား
#လောင်စာတင်
#စစ်ရထား
#ပေါက်ကွဲ








