မဲခေါင်၊ ဖေဖော်ဝါရီ ၆
ဖေဖော်ဝါရီ ၄ ရက် မနက်အစောပိုင်းက အိန္ဒိယနိုင်ငံ ဒေလီမြို့ ဘာရတ်စီးတီးရှိ လူနေတိုက်ခန်းတစ်ခု ၏ ၉ လွှာမှ ၁၆ နှစ်၊ ၁၄ နှစ်နှင့် ၁၂ နှစ်အရွယ် ညီအစ်မအရင်း ၃ ဦးတို့ တစ်ပြိုင်တည်း ခုန်ချ သတ်သေသွားမှုတွင် ကိုရီးယားချိန်းဆိုတွေ့ဆုံ စကားပြောဆိုဆက်ဆံရသည့် အပလီကေးရှင်း အချစ်ဂိမ်းတစ်ခုကြောင့်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ဒေသစံတော်ချိန် နံနက် ၂ နာရီ ၁၅ မိနစ်တွင် စူးဝါးစွာအော်ဟစ်ပြီး ညီအစ်မသုံးယောက်စလုံး ၉ လွှာမှ ခုန်ချသောကြောင့် တစ်တိုက်လုံးရှိလူများ ထိတ်လန့်တကြားကြားခဲ့ရပြီး ဆင်းကြည့်ကာ အရေးပေါ် ကားဖြင့် ဆေးရုံပို့ရန်စီစဉ်သော်လည်း သေဆုံးနှင့်နေပြီဖြစ်သည်။
ညီအစ်မသုံးယောက်သည် ထိုကိုရီးယားအချစ်ဂိမ်းအား ဖုန်းဖြင့်အလွန်စွဲလမ်းစွာ ကစားနေကြသူများ ဖြစ်ကာ ရှေ့ရက်ပိုင်းများတွင် မိဘများက ဖုန်းသိမ်းခြင်းများလုပ်ခဲ့ရာမှ စွဲလမ်းလွန်းသည့် စိတ်အခြေခံကြောင့် သတ်သေခဲ့ခြင်းဖြစ်ကာ အခန်းနံရံပေါ်တွင် “ခွင့်လွှတ်ပါ ဖေဖေ။ တကယ်စိတ်မကောင်းပါဘူး။ အဖေတို့က ကျွန်မတို့ကို ကိုရီးယားတွေနဲ့ ဝေးအောင် ကြိုးစားကြတယ်။ ခုတော့ ကျွန်မတို့ ကိုရီးယားသားတွေကို ဘယ်လောက်ချစ်မှန်း အဖေတို့ သိရပြီမှတ်လား” ဆိုသော စာပါ ရေးချန်ရစ်ခဲ့သည်။
ထိုကလေးများအခန်းထဲတွင် အရမ်းအထီးကျန်လိုက်တာဆိုသည့် စာသားများကိုလည်း နံရံပေါ်တွင် ရေးထားသည်ကိုတွေ့ရပြီး ထိုကလေးများသည် အချစ်ဂိမ်းအတွင်း လျှို့ဝှက်ချက် မှတ်တမ်းများကို လည်း ဒိုင်ယာရီသဖွယ် စာအုပ်များတွင် ၈ မျက်နှာကျော် ရေးသားမှတ်ထားကြသည်ကိုလည်း တွေ့ရှိရ ကြောင်း လက်ထောက် ရဲမင်းကြီး အက်တယ်ကူးမားဆင်းက ရှင်းလင်းပြောဆိုခဲ့သည်။
ယင်းအပလီကေးရှင်းဂိမ်းအမည်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း ကိုရီးယားထုတ် စာပေးပို့မှုအခြေပြု အချစ်ဂိမ်းတစ်ခုဖြစ်သည်ဟုသာ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အိန္ဒိယ
#ကိုရီးယား
#အချစ်ဂိမ်း
#ဆယ်ကျော်သက်








