မဲခေါင်၊ ဖေဖော်ဝါရီ ၆
ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြှောက်ရေးတပ်မတော် – PNLA နှင့် ပအိုဝ်းပြည်သူ့စစ် – PNO တို့ တိုက်ပွဲတွင် ဒဏ်ရာရရှိသော တပ်သားများကို PNO က ဆေးမကုသဘဲ စစ် မြေပြင်အတွင်း ပစ်ထားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
တချို့သော PNO တပ်သားများသည် သေနတ်မှန်ခြင်း၊ မြေမြုပ်မိုင်း နင်းမိခြင်းတို့ကြောင့် အသက်မသေသေးဘဲ ဒဏ်ရာသာ ရရှိသည်ကို မကယ်ဆယ်ဘဲ စစ်မြေပြင်အတွင်း ဖြစ်သလို ပစ်ထားခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“ဒဏ်ရာရတဲ့ သူတို့တပ်သားကို သူတို့မကယ်ဘဲ ဒီတိုင်းပစ်ထားတယ်။ တချို့ကလည်း သူတို့ နယ်မြေ ပြန်ရောက်နေပြီ ဒဏ်ရာရလာတာတောင် ဆေးမကုပေးဘူး။ ရှေ့တန်းမှာ သူတို့တပ်သား ဒဏ်ရာဝေဒနာ ကြမ်းကြမ်းတမ်းတမ်း ခံစားနေရတယ်။ ကယ်လို့ရနေတာတောင် လုံးဝမကယ်ဘူး သူတို့ရဲ့ စိတ်ဓာတ်တွေက တော်တော် အောက်တန်းကျတယ်။ သူတို့ အောက်ခြေတပ်သားတွေရဲ့ဘဝကိုပဲ သနားပါတယ်”ဟု သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။
PNO သည် ပွန်ချောင်းတစ်လျှောက် တရုတ်နှင့် ရေအားလျှပ်စစ် စီမံကိန်းလုပ်ဆောင်နိုင်ရန် စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြှောက်ရေးတပ်မတော် – PNLA ပြောရေဆိုခွင့်ရှိသူ ခွန်ရိန်းယံက မဲခေါင်သို့ ပြောသည်။
“သူတို့ အရင်ကတည်းက လုပ်ဖို့ရည်ရွယ်ထားတာ ရှိတယ်၊ ဒါမဲ့ အာဏာသိမ်းမှုဖြစ်တော့ ပြန်ရပ်သွားတယ်။ ၂၀၂၃ မှာ သူတို့ လက်မှတ်တစ်ခါ ပြန်ထိုးတယ်၊ အခု ထိုးစစ်ဆင်မှုက အခြေအနေအရဆို သူတို့ အဲ့လိုလုပ်ဖို့ရှိ နေတာကို တွေ့နေရတယ်”ဟု ၎င်းက ပြောသည်။
PNO ပြည်သူ့စစ် ခေါင်းဆောင်များ ပိုင်ဆိုင်သော Pawn Treasure Partners ကုမ္ပဏီလီမိတက်သည် တရုတ်ကုမ္ပဏီပိုင် Dongfang Electric International Corporation နှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာတွင် ပွန်ချောင်း တစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်း ၄ ခုထက်မနည်း တည်ဆောက်ရန် လက်မှတ် ထိုးထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေဆဲဖြစ်ပြီး PNO ဖက်ကလည်း လူနေကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
#MeKongnews
#ကဒူကြီးတိုက်ပွဲ
#ဒဏ်ရာရ
#တပ်သားများ
#PNO
#ပစ်ထား








