မဲခေါင်၊ ဖေဖော်ဝါရီ ၅
ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု ဒေသခံများကြား နာမည်ကြီးသည့် တာချီလိတ်မြို့မှ ရောင်နီဦးဝန်း အနီးတဝိုက်ရှိ အဆောက်အဦများတွင် တရားမဝင် တရုတ်နိုင်ငံသား တစ်ရာကျော် ဖေဖော်ဝါရီလ ၄ရက်က ဖမ်းဆီးရမိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်အတွင်းရှိ အဆောက်အဦများအတွင်း ဖမ်းမိခြင်းဖြစ်ပြီး ယင်းတရုတ်များမှာ ကျားဖြန့်လုပ်ကိုင်သည့် တရုတ်များဖြစ်ကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
“ခုရက်ပိုင်းမှ ထွက်လာတာ။ ရောင်နီဦးထဲကဟာတွေကို နေရာရွှေ့ထားတာလို့ ရပ်ကွက်ထဲက လူတွေက ပြောကြတယ်။ အကုန်လုံး အထောက်အထားမရှိဘူး။ ၁၀၀ ကျော်တယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒေသတွင်းမီဒီယာများကြား ရောင်နီဦးဝန်းအတွင်း ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သတင်းများထွက်ပြီးနောက် ယခုကဲ့သို့ တရားမဝင်တရုတ်နိုင်ငံသားများကို ဖမ်းမိခြင်းဖြစ်သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၄ရက် နံနက်ပိုင်းက ရောင်နီဦးဝန်းအတွင်း ဌာနစုံအဖွဲ့များ ဝင်ရောက်အစစ်ပြပြီး သတင်းများထွက်ပေါ်သကဲ့သို့ ကျားဖြန့်များမရှိဟု စစ်ကောင်စီပြန်ကြားရေးမှ သတင်းထုတ်လွှင့်မှုမှာလည်း ဒေသခံများအကြား ပျက်ရယ်ပြုစရာဖြစ်နေသည်။
“ရောင်နီဦးဝန်းထဲ ဝင်အစစ်ပြပြီးတော့ ဘာမှ မရှိပါဘူး လုပ်တာက တာချီလိတ်မြို့ခံတွေကြားထဲတော့ တော်တော်လှောင်စရာဖြစ်နေတာပေါ့ဗျာ။ လူတိုင်းသိနေတာပဲ။ အားလုံးက ဝိုင်းလှောင်နေပြီ။ သတင်းမထုတ်ဘဲ ငြိမ်ငြိမ်နေရင်တောင် ပိုကောင်းဦးမှာ” ဟု တာချီလိတ် မြို့ခံတစ်ဦးက ပြောသည်။
လတ်တလောတွင် ဖမ်းဆီးရမိသည့် တရားမဝင်တရုတ်နိုင်ငံသားများကို စိစစ်နေဆဲဖြစ်ပြီး မည်သည့်အမှုဖွင့် တရားစွဲမည်ကို မသိရသေးကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
#MeKongNews
#တာချီလိတ်
#တရားမဝင်တရုတ်နိုင်ငံသား
#ကျားဖြန့်
#ရောင်နီဦး








