မဲခေါင်၊ ဖေဖော်ဝါရီ ၄
အာရေဗျပင်လယ်ပြင်အတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအနီးသို့ ရန်လိုသော ပုံစံဖြင့် ချဉ်းကပ်လာသည့် အီရန်ဒရုန်းတစ်စင်းကို ပစ်ချလိုက်ကြောင်း အမေရိကန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
USS Abraham Lincoln စစ်သင်္ဘောပေါ်မှ ပျံတက်ခဲ့သည့် F-35C ကိုယ်ပျောက်တိုက်လေယာဉ်တစ်စင်းက လေယာဉ်တင်သင်္ဘောနှင့် သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင်များကို အကာအကွယ်ပေးရန် ယင်းဒရုန်းကို မိမိကိုယ်ကို ခုခံကာကွယ်သည့် အနေဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး တင်မ်ဟော့ကင်းစ်က ဆိုသည်။
ယင်းဒရုန်းသည် မရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်လာချိန်တွင် စစ်သင်္ဘောမှာ အီရန်ကမ်းရိုးတန်းမှ မိုင် ၅၀၀ ခန့်အကွာ၌ ရှိနေခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် အမေရိကန်ဘက်မှ စစ်လက်နက်ကိရိယာ ထိခိုက်ပျက်စီးမှု မရှိသလို တပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။
ဝါရှင်တန်နှင့် တီဟီရန်တို့အကြား တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်က ထိုဒေသအတွင်း စစ်အင်အား တိုးမြှင့်ဖြန့်ကြက်နေချိန်တွင် ယခုဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အီရန်နိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် ဆွေးနွေးညှိနှိုင်းခြင်း မပြုလုပ်ပါက စစ်ရေးအရ အရေးယူမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောကြားထားသည်။
အစောပိုင်းကလည်း အီရန်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းမှုများ ဖြစ်ပွားစဉ်အတွင်း ဝင်ရောက် စွက်ဖက်ရန် အလားအလာရှိကြောင်း ၎င်းက သတိပေးခဲ့ဖူးသည်။
အီရန်ဒရုန်း ပစ်ချခံရပြီးနောက် အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးပွဲများကို ယခုသီတင်းပတ် နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားဆဲဖြစ်ကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးမှူး ကာရိုလင်းလီဗစ်က Fox News သို့ ပြောကြားသည်။
သမ္မတထရမ့်က သံတမန်နည်းလမ်းကို အမြဲတမ်း ဦးစားပေးလုပ်ဆောင်ရန် ကတိပြုထားဆဲ ဖြစ်သော်လည်း စစ်ရေးအရ အင်အားသုံးဖြေရှင်းမှု အပါအဝင် အခြားသော ရွေးချယ်စရာ နည်းလမ်းပေါင်းစုံကိုလည်း အမြဲတမ်း ပြင်ဆင်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
အီရန် အဓိပတိ ခေါင်းဆောင် အယာတိုလာ အလီခါမေနီကမူ ၎င်းတို့နိုင်ငံအပေါ် မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ပြုလုပ်လာပါက ဒေသတွင်းစစ်ပွဲ တစ်ရပ် ဖြစ်ပွားလာလိမ့်မည်ဟု သတိပေးထားသည်။
အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ဒရုန်းပစ်ချခံရမှုနှင့် ပတ်သက်၍ တီဟီရန်ဘက်မှ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။
Ref:BBC
#MeKongnews
#အမေရိကန်
#လေယာဉ်တင်သင်္ဘော
#ချဉ်းကပ်
#အီရန်ဒရုန်း








