မဲခေါင်၊ ဖေဖော်ဝါရီ ၃
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စုတွင် MNDAA တပ်ဖွဲ့က ရွှေတူးရန် စီစဉ်နေမှုကို ကန့်ကွက်သည့် ဒေသခံပြည်သူများအား ဖမ်းဆီးထားပြီး ရိုက်နှက် နှိပ်စက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် MNDAA က လယ်ပိုင်ရှင်များကို အသိမပေးသလို ခွင့်လည်းမတောင်းခဲ့ဘဲ နမ့်ပေါင်ကျေးရွာအုပ်စု၊ ဝမ်စယ်ကျေးရွာမှ ဒေသခံပြည်သူများ ပိုင်သည့် လယ်မြေများပေါ်တွင် ရွှေတူးရန် တရုတ် လုပ်ငန်းရှင်များကို ခေါ်လာခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့ပြင် ဝမ်စယ်ကျေးရွာ ချောင်းတွင် အသွားအလာ လွယ်ကူစေရေး တံတားထိုးရန် ဒေသခံများက ပြင်ဆင်နေသည်ကို MNDAA တပ်ဖွဲ့ဝင်များက ၎င်းတို့ ရွှေတူးမည့်ဖောင်များ လာ၍မရမည် စိုးသဖြင့် တံတားထိုးခွင့် မပေးခဲ့ဟု ဆိုသည်။
ယင်းလုပ်ရပ်များကို ဒေသခံပြည်သူရာချီက သွားရောက် ဆန္ဒပြကြရာ MNDAA တပ်သားများနှင့် ပဋိပက္ခဖြစ်ပြီး ရွာသား ၃၆ ဦးကို သိန္နီတွင်ရှိသည့် MNDAA တပ်စခန်းသို့ ဖမ်းခေါ်သွားသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ဖမ်းဆီးသွားသည့်အပြင် ယင်းတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက ကားပေါ်တွင် စက်သေနတ်တင်ပြီး ရွာထဲကို ရမ်းသန်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
“ဘာလဲ နင်တို့က ပြည်သူပဲ၊ ငါတို့ကို လာဆန့်ကျင် ခြင်နေတာလား၊ ဗမာစစ်တပ်ကိုတောင် ငါတို့ အနိုင်တိုက်ခဲ့တာ။ နင်တို့က ဘာကောင်တွေမို့လို့လဲ” ဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။
ထို့ပြင် ကျေးရွာဥက္ကဌ နေအိမ်ကိုလည်း လက်နက်များဖြင့် ဝိုင်းထားပြီး ဆိုရှယ်မီဒီယာပေါ် မတင်ရန်နှင့် ရွာသားများထဲမှ ဗီဒီယိုရိုက်တင်သူကို ဖမ်းဆီးပေးရန်လည်း ဖိအားပေးနေကြောင်း သိရသည်။
ယမန်နေ့တွင် ဖမ်းဆီးသွားသည့် ရွာသားများထဲမှ ၂၇ ဦး ပြန်လွှတ်ပေးလိုက်သော်လည်း ကျန် ၉ ဦးကို လက်ရှိ ဖမ်းဆီးထားဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“တကယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းပါလာရင် အဲ့ရွာသား ၉ ယောက်ကို ခေါ်ထုတ်ပြီး ရိုက်နှက်နှိပ်စက် ပါတယ်တဲ့၊ အဲဒီထဲက ရွာသား ၃ ယောက်က အသက်အန္တရာယ် စိုးရိမ်နေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် တစ်ရွာလုံး ကြောက်လန့်နေကြပြီး ပြန်လွတ်မလာသေးသူများ၏ မိသားစုများမှာ ၎င်းတို့၏ မိဘ မောင်ဘွားများအား ပြန်လွှတ်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။
#MeKongnews
#နမ့်ပေါင်
#ရွှေတူး
#ကန့်ကွက်
#ရွာခံများ
#MNDAA
#ဖမ်းဆီး








