မဲခေါင်၊ ဇန်နဝါရီ ၂၉
ဇန်နဝါရီ ၂၃ ရက်နေ့က ချင်းမိုင်ရှိ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် ကောင်စစ်ဝန်ရုံး အဆောက်အအုံသစ်ကြီးကို ဖွင့်လှစ်ခဲ့ပြီးနောက် ထိုအဆောက်အအုံသည် လိုသည်ထက်ကြီးမားက လျှို့ဝှက်မှုများရှိနေနိုင်သဖြင့် အမေရိကန်၏ လျှို့ဝှက်စပိုင်အခြေစိုက်စခန်းဖြစ်သည်ဟု ထင်မြင်ချက်များရှိလာခဲ့ရာ ကောင်စစ်ဝန်ချုပ် ခီလီယာကမ်းမင်းက မဟုတ်မှန်ကြောင်း ငြင်းချက် ထုတ်ပြန်သွားခဲ့သည်။
ယင်းကောင်စစ်ဝန်ရုံးသစ်ကြီးကို ဒေါ်လာ ၂၇၃ သန်းအထိ အကုန်ခံတည်ဆောက်ခဲ့ကာ ကောင်စစ်ဝန်ရုံးဝင်းကြီးသည် ချင်းမိုင်-လမ်ပန်း စူပါအဝေးပြေးလမ်းကြီးဘေး နောင်ပခရန်ခရိုင်ရှိ မြေ ၁၆ ဒသမ ၅ ရိုင် (၂၆၄၀၀ စတုရန်းမီတာ) အကျယ်တွင် တည်ရှိသည်။
ထိုင်းနိုင်ငံတွင် ကောင်စစ်ဝန်ရုံးကို ယင်းတစ်ရုံးသာ အမေရိကန်က ထားရှိပြီး လွန်ခဲ့သည့် ၇၅ နှစ်ကျော် ကတည်းက အမေရိကန်ကောင်စစ်ဝန်ရုံး အခြေစိုက်ခဲ့ခြင်းဖြစ်သည်။
ရုံးအဆောက်အအုံသစ်ကြီးမှာ ကြီးမားလွန်းနေသည့်အတွက် အမေရိကန်လျှို့ဝှက် စပိုင်စခန်းအဖြစ် ယူဆမှုများ ရှိနေရာ ကောင်စစ်ဝန်ချုပ် မစ္စကမ်းမင်းက ငြင်းဆိုသွားခဲ့သည်။
ကောင်စစ်ဝန်ရုံးသစ်သည် သာမန် ခမ်းနားသော ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံတစ်ခုသာမက ထိုင်းနှင့် အမေရိကန်တို့၏ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကိုယ်စားပြုသော ထိုင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာနှင့် ခေတ်မီနည်းပညာများပေါင်းစပ်ကာ ထိုင်းပြည်တွင်း ဆောက်လုပ် ရေးဗိသုကာများဖြင့်သာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် အမေရိကန်အနေဖြင့် မည်သည့် စစ်ဘက်ဆိုင်ရာ အော်ပရေးရှင်းမှ မရှိသဖြင့် လျှို့ဝှက်စပိုင်းရုံးလည်း မဟုတ်ဟု ငြင်းဆန်သွားသည်။
သို့သော် ထိုင်းမြောက်ပိုင်းတွင် နေထိုင်ကြသည့် အမေရိကန်လူမျိုး ၂၁၀၀၀ ကို ကူညီအကာအကွယ် ပေးရန်နှင့် ထိုင်းနိုင်ငံသားများအတွက် ဝန်ဆောင်မှုများကူညီပေးရန်သာ ရည်ရွယ်သည်ဟုလည်း ကမ်းမင်းက ရှင်းလင်းပြောကြားသွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ချင်းမိုင်
#အမေရိကန်
#ကောင်စစ်ဝန်ရုံး
#စပိုင်








