မဲခေါင်၊ ဇန်နဝါရီ ၂၈
ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံတွင် အမတ်လောင်းများ ကြံကြံဖန်ဖန် နည်းလမ်းပေါင်းစုံဖြင့် မဲဆွယ်နေကြစဉ် အလွန် ရှာရှာကြံကြံ ပြောဆိုမဲဆွယ်နေသည့် New Alternative Party မှ ဝန်ကြီးချုပ် လောင်းအဖြစ် ဝင်ပြိုင်မည့် မွန်ကိုလ်ကစ်ဆက်ဆင်သာရာနွန်သည် မဲနိုင်ပါက မန်ယူအသင်းကိုပါ နိုင်ငံပိုင်အဖြစ် ဝယ်ပေးမည်ဟု ပြောဆို မဲဆွယ်သွားခဲ့ပြန်သည်။
မန်ယူအသင်းသည် လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အားကစားအသင်းများထဲတွင် တန်ကြေးအမြင့်ဆုံး အသင်းအဖြစ် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံဖြင့် ရပ်တည်နေကြောင်း မကြာသေးမီကမှ Forbes က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် မိမိသာ မဲအနိုင်ရလျှင် မန်ယူအသင်းကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဖက်စပ်ပိုင် အသင်းတစ်သင်းအဖြစ် ဝယ်ယူရန် ကြိုးစားပေးသွားမည် ဖြစ်ကာ မန်ယူအသင်း ရလဒ်များ မကောင်းလည်း ဝင်ငွေကောင်းနေဆဲ ဖြစ်သောကြောင့် ထိုင်းအစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံ ဝယ်ယူပြီး နိုင်ငံအတွက် ဝင်ငွေရှာကာ အကျိုးရှိစေနိုင်မည်ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသား မဲဆွယ်သွားခြင်းဖြစ်သည်။
မွန်ကိုလ်ကစ်သည် ယခုမတိုင်မီ မွတ်ဆလင်ဘာသာဝင်အမျိုးသားများ တရားဝင် မိန်းမ ၄ ယောက် ယူခွင့်ရှိသည့် အတိုင်း ၎င်းမဲနိုင်လျှင် ထိုင်းအမျိုးသမီးတိုင်း တရားဝင်ယောင်္ကျား ၄ ယောက် ပေးယူကာ ကျားမတန်းတူ အခွင့် အရေးကို ရှေ့ရှုမည်ဟု ပြောခဲ့သေးသည်။
ထို့ပြင် ထိုင်းအမျိုးသားများအနေဖြင့် အခြားကမ္ဘာမှ ဂြိုဟ်သူများနှင့် တစ်ဂြိုဟ်တစ်ယောက်နှုန်း တရားဝင်ဇနီး အဖြစ် ယူခွင့်ပေးမည်ဟုလည်း မဲဆွယ်ပြောဆိုခဲ့သလို ၎င်း ဝန်ကြီးချုပ် ဖြစ်လာပါက ၄ နှစ်အတွင်း ထိုင်းနိုင်ငံမှ အာကာသ ခရီးသွားလုပ်ငန်း စတင်ကာ ၈ နှစ်အတွင်း လပေါ် ခရီးသွားနိုင်ပြီး ၁၂ နှစ်အတွင်း အင်္ဂါဂြိုဟ်ပေါ်အထိ ခရီး သွားနိုင်စေရန် စီစဉ်ပေးမည်ဟု မဲဆွယ်စကားများ ပြောခဲ့သေးသည်။
ကိုကလင်း
Ref: The Thaiger
#MeKongNews
#မဲနိုင်
#မန်ယူ
#နိုင်ငံပိုင်
#ထိုင်းဝန်ကြီးချုပ်လောင်း
#မဲဆွယ်








