မဲခေါင်၊ ဇန်နဝါရီ ၂၈
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ငံရိုးကျေးရွာရှ်ိ စစ်ဘေးရှောင်တစ်ဦး ဖွင့်ထားသော ဓာတ်ဆီဆိုင်တစ်ဆိုင် ယနေ့တွင် မီးလောင်မှုဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၁၁ နာရီတွင် မီးလောင်ခဲ့ပြီး ဆိုင်အတွင်းရှိ ပစ္စည်းများ အကုန်ပါသွားကာ ကျပ်သိန်း ၅၀၀ နီးပါး ဆုံးရှုံးမှုရှိကြောင်း သိရသည်။
“ဆိုင်မှာ ဧည်သည်များချိန် ဆီထည့်နေရင်းနဲ့ မီထလောင်တာလို့ ပြောတယ်။ မီကလည်း အရှိန်ပြင်းပြင်းနဲ့ အမြန်လောင်တော့ မီးမငြိမ်းနိုင်ဘူး။ ဆိုင်ထဲ ဆီပေပါတွေ ပစ္စည်းတွေ အကုန်ပါသွားတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဆိုင်တွင်းရှိ ပစ္စည်းအကုန် မီးလောင် ပျက်စီးသွားသည့်အပြင် ဓာတ်ဆီလာထည့်သော ဧည့်သည်၏ ဆိုင်ကယ် တစ်စီး၊ ငွေ ၁၅ သိန်းလည်း မီးထဲပါသွားပြီး လူထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ယခု နွေဦးကာလတွင် အပူချိန်များပြီး ပတ်ဝန်းကျင် ခြောက်သွေ့သောကြောင့် မီးအန္တရာယ် သတိပြုကြရန်လည်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ရက်တွင်လည်း ဖယ်ခုံမြို့နယ်၊ ဆီးဘူးဒေသတွင် နေအိမ်တစ်လုံး မီးလောင် ပျက်စီးသွားသေးကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ဒီးမော့ဆို
#ဓာတ်ဆီဆိုင်
#မီးလောင်








