မဲခေါင်၊ ဇန်နဝါရီ ၂၈
အီရန်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ဒေသတွင်း စစ်အင်အား ဖြည့်တင်းထားသော အမေရိကန်တပ်ဖွဲ့ များက အရှေ့အလယ်ပိုင်းတွင် ရက်ပေါင်းများစွာ စစ်ရေးလေ့ကျင့်မည့် အစီအစဉ်ကို ကြေညာခဲ့သည်။
စစ်ရေး လေ့ကျင့်မှုများအတွင်း ခက်ခဲသော အခြေအနေများအောက်မှ စစ်ဆင်ရေး လုပ်ဆောင်ခြင်းကို စမ်းသပ်သွားမည်ဖြစ်ကာ တစ်ချိန်တည်းမှာပင် ဒေသတွင်းမှ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်း အမေရိကန်စစ်ဘက်က ပြောကြားသည်။
အရင်းအမြစ်များနှင့် တပ်ဖွဲ့များ ဖြန့်ကြက်နိုင်စွမ်းကို တိုးမြှင့်ရန်၊ ဒေသတွင်းမိတ်ဖက် ပူးပေါင်းမှုများကို ခိုင်မာအောင်လုပ်ရန်နှင့် အခြေအနေကိုလိုက်၍ တုံ့ပြန်မှု မြန်ဆန်ရန် လေ့ကျင့်မှုများကို ပုံဖော်ထားသည်ဟု အမေရိကန် လေတပ်ဗဟိုဌာနက ပြောကြားသည်။
မိမိတို့၏ စစ်ရေးလေ့ကျင့်မှုများကို အိမ်ရှင်နိုင်ငံများ၏ ခွင့်ပြုချက်၊ အရပ်ဘက်၊ စစ်ဘက် လေကြောင်းအာဏာ ပိုင်များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သွားမည်ဟု အမေရိကန် ဗဟိုကွပ်ကဲရေးဌာန (CENT COM) က ပြောကြားပြီး ဘေးကင်းလုံခြုံမှု၊ တိကျမှု၊ အချုပ်အခြာ လေးစားမှုများကိုလည်း အလေးထားပြောသည်။
သို့သော် လေ့ကျင်မည့်နေရာ၊ ကြာမြင့်ချိန်နှင့် ပါဝင်ပတ်သက်မည့် အရင်းအမြစ်များကိုမူ CENTCOM က ထုတ်ဖော် မပြောခဲ့ပေ။
အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Abraham Lincoln အုပ်စု အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာသည်ကိုလည်း CENTCOM က အတည်ပြုသည်။
အမေရိကန်၏ စစ်အင်အား တည်ဆောက်မှုမှာ မတည်မငြိမ်ဖြစ်စေသော လုပ်ရပ်ဖြစ်ကြောင်း အီရန်အရာရှိများက ဝေဖန် ပြောကြားကြသည်။
ဒေသတွင်းမှ ဖြစ်ပေါ်မှုများကို အီရန်တပ်ဖွဲ့များက အနီးကပ်စောင့်ကြည့် လေ့လာနေပြီး ရန်လိုမှု မှန်သမျှကိုလည်း တုံ့ပြန်နိုင်စွမ်းထက် ပိုမို လုပ်ဆောင်နိုင်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ်ဘက်ဂါအီက ဆိုသည်။
အေးကျော်
Ref: Agencies
#MeKongNews
#အီရန်
#တင်းမာမှု
#အရှေ့အလယ်ပိုင်း
#အမေရိကန်
#စစ်ရေးလေ့ကျင့်








