မဲခေါင်၊ ဇန်နဝါရီ ၂၈
သမုဒ္ဒရာဖြတ်ကျော်ကာ ဥရောပနယ်နိမိတ်ထဲမှ ဂရင်းလန်းကျွန်းကို အမေရိကန် သိမ်းပိုက်ရန် ကြိုးစားနေမှုကြောင့် ဥရောပနှင့် အမေရိကန်အကြား တင်းမာမှုများ မြင့်တက်နေချိန် ဥရောပသည် အမေရိကန်မရှိလျှင် ကာကွယ်နိုင်မည် မဟုတ်ဟု နေတိုးအဖွဲ့အကြီးအကဲ မာ့ခ်ရူတာကိုယ်တိုင် ဝန်ခံပြောဆိုခဲ့သည်။
ထရမ့်ကြောင့် ဥရောပနှင့် အမေရိကန်ကြား သံတမန်ဆက်ဆံရေးများ ပြိုလဲနိုင်သည့် အနေအထားတွင် ဥရောပကို ညွန့်ပေါင်းတပ်အဖြစ် အကာအကွယ်ပေးနေသည့် နေတိုးအဖွဲ့သည် ရုရှား၊ တရုတ်စသည့် နိုင်ငံများမှ ခြိမ်းခြောက်လာလျှင် အမေရိကန်မပါဘဲ ကာကွယ်နိုင်မည် မဟုတ်သဖြင့် ဥရောပသမဂ္ဂ သီးသန့်အဖြစ် ရပ်တည်လိုပါက နျူကလီးယားလက်နက်များ ပိုင်ဆိုင်ရန် နေတိုးအဖွဲ့ဝင် နိုင်ငံတိုင်း ယခင် သတ်မှတ်ထားသည့် GDP ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ထည့်ဝင်မှသာ အိပ်မက်နိုင်မည်ဟု မာ့ခ်ရူတာက ဥရောပပါလီမန်၌ ဇန်နဝါရီ ၂၆ ရက်တွင် ပြတ်ပြတ်သားသား ပြောခဲ့သည်။
နယ်သာလန် ဝန်ကြီးချုပ်ဟောင်း မာ့ခ်ရူတာက အမေရိကန်နှင့် မဟာမိတ်ပြုမှုကို ဆုံးရှုံးလျှင် ဥရောပ၏ လွတ်လပ်မှုကို အာမခံချက်မဲ့စေမည်ဖြစ်ကာ ဥရောပသည် အမေရိကန်၏ နျူကလီးယား ထီးအရိပ်အောက်တွင် ရှိနေသည်ဟု ပြောဆိုခဲ့သည်။
ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယန်နိုအယ်ဘားရော့ကမူ ၎င်း၏စကားကို ဆန့်ကျင်ကန့်ကွက်ကာ ဥရောပသည် ကိုယ်ပိုင်လုံခြုံရေးကို ကိုယ်တိုင် တည်ဆောက်နိုင်သည့် တာဝန်ယူမှုများ လုပ်ဆောင်နိုင်သည်ဟု X လူမှုကွန်ရက်တွင် တုံ့ပြန်ရေးသားခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် နေတိုအကြီးအကဲ ရူတာက ထရမ့်အား “ဖခင်ကြီး”ဟု မြှောက်ပင့် ခေါ်ဝေါ်ခဲ့သဖြင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ဖူးသည်။
ကိုကလင်း
Ref: koreaherald
#MeKongNews
#အမေရိကန်
#ဥရောပ
#နေတိုးအကြီးအကဲ
#ဝန်ခံ








