မဲခေါင်၊ ဇန်နဝါရီ ၂၇
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၂၄၇၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု တအာင်းတပ်ဖွဲ့ – TNLA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ယင်းဖမ်းဆီးမိခဲ့သူများအနက် ၃၁၆ ဦးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူဖြစ်ပြီး ၂၁၅၅ ဦးမှာ မူးယစ်ဆေးဝါး သုံးစွဲသူများ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းတို့ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းသို့ ပို့ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
TNLA ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေအရ မူးယစ်ဆေးဝါး ရောင်းဝယ်သူများသည် ထောင်ဒဏ် ၇ နှစ်မှ နှစ် ၂၀ အထိ ကျခံရနိုင်ပြီး သုံးစွဲသူများသည် ၆ လတိတိ ဆေးကုသမှုခံယူကာ အကျင်းစာရိတ္တ ပြုပြင်ရမည် ဖြစ်သည်။
TNLA ၏ ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးသုံး စွဲသူများအား အများဆုံး ဖမ်းဆီးမိသည့် နေရာသည် မိုးကုတ်၊ မိုးမိတ်နှင့် မိုင်းလုံမြို့နယ်တို့ ဖြစ်ပြီး ယင်းမြို့နယ်များတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၂၁ ဦးနှင့် သုံးစွဲသူ ၇၆၄ ဦးတို့ကို ဖမ်းဆီးခဲ့သည်။
ထို့ပြင် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းဘော်နှင့် မိုင်းငေါ့မြိုနယ်တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆၀ ဦးနှင့် သုံးစွဲသူ ၄၇၈ ဦး၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၅၇ ဦးနှင့် သုံးစွဲသူ ၄၁၇ ဦး၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာနှင့် မန်ဂျယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၈ ဦးနှင့် သုံးစွဲသူ ၆၂ ဦးတို့ကို ဖမ်းဆီး ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အလားတူ နမ့်ခမ်း၊ မူဆယ်နှင့် မိုင်းဝီးမြိုနယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆၄ ဦးနှင့် သုံးစွဲသူ ၃၅၈ ဦး၊ မိုင်းယော်မြိုနယ်တွင် မူးယစ်ရောင်းဝယ်သူ ၆ ဦးနှင့် သုံးစွဲသူ ၇၆ ဦးတို့ကို ဖမ်းဆီး အရေးယူနိုင်ခဲ့သည်ဟု TNLA ထုတ်ပြန်ချက်က ဆိုသည်။
#MeKongNews
#မူးယစ်ဆေး
#ရောင်းဝယ်သုံးစွဲ
#ဖမ်းဆီး
#TNLA








