မဲခေါင်၊ ဇန်နဝါရီ ၂၇
ပအိုဝ်းဒေသတွင် စစ်ကောင်စီလက်အောက်ခံ PNO – ပြည်သူ့စစ်အား ပြည်သူများက ဆက်ကြေးပေးရမှုမှာ တစ်နှစ်အတွင်း တစ်အိမ်လျှင် ကျပ်သိန်း ၂၀ အနည်းဆုံးရှိသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ လွိုင်လင်၊ တောင်ကြီး၊ ညောင်ရွှေမြို့နယ် စသည့် ပအိုဝ်းများ နေထိုင်သည့်ဒေသတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း PNO က လစဉ် ကျပ် ၅ သောင်းထက်မနည်း ဆက်ကြေး ကောက်ခံခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။
ထို့ပြင် ဆီဆိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း ၇ သိန်းကျပ်တစ်ကြိမ် ၊ ၅ သိန်းကျပ် ၂ ကြိမ် ၊ ၅ ထောင်ကျပ် ၂ ကြိမ် PNO က ဆက်ကြေး ကောက်ခံခဲ့သည်။
“ကျနော်တို့ ဟော်တောင်မှာက တစ်လ ၅ သောင်းကျပ်ကတော့ ပုံမှန် ထည့်ရတယ်။ ၇ သိန်းကို တစ်ခါကောက်တယ် ၅ သိန်းကိုကျတော့ ၆ လတစ်ကြိမ် ကောက်ခဲ့တယ်။ ဒါတွေက ကြီးကြီးမားမား မှတ်မိတဲ့ဟာတွေပေါ။့ တခြား ၅ ထောင်တို့ တစ်သောင်းတို့တော့ မမှတ်ထားမိဘူး” ဟု ဆီဆိုင်မြို့နယ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဆီဆိုင်မြို့နယ် နည်းတူ အခြားမြို့နယ်များရှိ ပအိုဝ်းကျေးရွာများတွင်လည်း ၅ သိန်းကျပ် ၂ ကြိမ်ထက်မနည်း PNO အား ဆက်ကြေးပေးရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
တစ်အိမ် ၅သိန်း ၂ ကြိမ်ကိုတော့ ပအိုဝ်းဒေသတိုင်း ထည့်ရတယ်။ ကျနော်တို့ဘက်မှာတော့ စစ်စရိတ် ၇ သိန်းကောက်တာတော့ မရှိခဲ့ဘူး။ တခြား ဘိန်းခွန်တို့တော့ ၄ သိန်းတစ်ခါ ၇သိန်းတစ်ခါ တောင်းတာ ရှိတယ်”ဟု ဟိုပုံးမြို့နယ် အရှေ့ပိုင်းရှိ ဒေသခံတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ပုံမှန်စစ်စရိတ်အပြင် နိုင်ငံခြားတွင် အလုပ်လုပ်သည့် လူတစ်ဦးတိုင်းကိုလည်း PNO က စစ်စရိတ်အဖြစ် တစ်ဦးလျှင် တစ်နှစ် ၅ သိန်းကျပ်မှ ၁၀ သိန်းကျပ်အထိ ကောက်ယူခဲ့သည်ကိုလည်း သတင်းရင်းမြစ်များထံမှ သိရသည်။
မြေပြင် စုံစမ်းမှုအရ ထိုင်းနိုင်ငံ မလေးရှားနိုင်ငံ စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ်သူများအား ဆီဆိုင်မြို့နယ်တွင် တစ်ဦး ၁၀ သိန်းကျပ်၊ တောင်ကြီးမြို့နယ်တွင် တစ်ဦး ၁၀ သိန်းကျပ်နှင့် အချို့ကျေးရွာအုပ်စုတွင် ၅ သိန်းကျပ်၊ ညောင်ရွှေမြို့နယ် မြောက်ပိုင်းတွင် ၅ သိန်းကျပ်၊ တောင်ပိုင်းတွင် ၁၀ သိန်းကျပ် PNO က ဆက်ကြေးကောက်ခဲ့သည်။
“ကျနော်တို့ အိမ်က ထိုင်းသွားတဲ့ လူ ၂ ယောက်ရှိတော့ တစ်ယောက်ကို ၅ သိန်းကျပ် ပေးရတယ်။ ကျနော်က မပေးဖို့ ပြောပေမယ့် ရွာမှာ ကျန်ခဲ့တဲ့အဖေက ကြောက်တော့ သွားပေးလိုက်တာလေ။ ထိုင်းလာတာ ၆ ရက်ပဲရှိသေးတယ် အလုပ်ကမရသေးဘူး၊ PNO က တောင်းစားပြီ။ အဲအချိန်ကို ပြန်တွေးတိုင်း အခုထိ မကျေနပ်ဘူး”ဟု ညောင်ရွှေအရှေ့ပိုင်းဒေသခံ ခွန်အောင်မင်းက ပြောသည်။
မဲခေါင်သတင်းဌာန၏ စုံစမ်းမှုအရ သာမန် ပအိုဝ်းပြည်သူတစ်ဦး၏ အိမ်သည် စစ်ကောင်စီ လက်အောက်ခံ PNO ကို တနှစ်အတွင်းအခွန် ကျပ်သိန်း ၂၀ ထက်မနည်းနှင့်ကား၊ ဆိုင်ကယ်ရှိသည့် အိမ်များနှင့် နိုင်ငံခြားသို့ထွက်ပြီး အလုပ်လုပ်သည့် အိမ်များမှာ သိန်း ၃၀ ထက်မနည်း ဆက်ကြေးပေးရသည်ကို တွေ့ရသည်။
“ကျနော်တို့အိမ်က သိန်း ၄၀ ကျော် ရှိမယ်ထင်တယ်။ ဒီမှာက သူတို့ပုံမှန်ကောက်တာ ၂၀ လောက်ရှိပြီ ထွန်စက်နဲ့ ကား ၂ စီးအတွက်က ၅ သိန်းကုန်တယ်။ သား ၂ ယောက်က ထိုင်းနဲ့မလေးမှာရှိတော့ သိန်း ၂၀ ကုန်တယ်လေ” ဟု တောင်ကြီးမြို့နယ်မှ ဦးခွန်အုန်းဖေက ဆိုသည်။
ဒေသခံသတင်းရင်းမြစ်များအား မေးမြန်းမှုအရ ပအိုဝ်းဒေသ တစ်ခုလုံးတွင် တစ်လလျှင် တစ်အိမ် ၅ သောင်းကျပ်၊ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူ တစ်ဦးချင်းစီအတွက် တစ်နှစ်စာ ၁၀ သိန်းကျပ်နှင့် ၅ သိန်းကျပ် ဆက်ကြေး ထည့်ရသည်ကို တွေ့ရပြီး အခြား ကြားဖြတ်ကောက်ယူသည့် တစ်အိမ် ၁၀ သိန်းကျပ်၊ ၅ သိန်းကျပ်၊ ၂ သိန်းကျပ်၊ ၃ သောင်းကျပ်၊ ၅ ထောင်ကျပ် စသည့် ပမာဏမှာမူ ဒေသတစ်ခုနှင့်တစ်ခု မတူညီသည်ကိုလည်း တွေ့ရသည်။
ထို့ပြင် လတိုင်း ထည့်ရသည့် ၅ သောင်းကျပ်တွင်လည်း အချို့ဒေသများတွင် PNO အတွက်ဟု ဆိုကာ ကောက်ပြီး အချို့ဒေသတွင် PNO အတွက် ၃ သောင်းကျပ် စစ်ကောင်စီအတွက် ၂ သောင်းကျပ်ဟု ပြောပြီး ကောက်သည်ကိုလည်း တွေ့ရသည်။
“ပအိုဝ်းဒေသက ဆက်ကြေး ၂ ထပ်ထည့်နေရတာ အရင် ၂၀၂၂ တုန်းက PNO ကိုပဲ ထည့်ရပေမယ့် စစ်မှုထမ်းဥပဒေ ထွက်ပြီးနောက်ပိုင်း PNO အတွက်ရော စစ်ကောင်စီအတွက်ရော ထည့်ရတော့ တစ်နှစ်ပြီးတစ်နှစ် ပိုများလာတာလို့ ပြောလို့ရတယ်။ ဘာလို့ဆို ၂၀၂၂ တုန်းက တစ်နှစ်လုံးနေမှ ၅ သိန်းနဲ့ ၁၀ သိန်းကြားပဲကုန်တာ၊ အခုက တချို့ နိုင်ငံခြား ထွက်လူများတဲ့ အိမ်ဆို ၅၀ နားကပ်နေပြီ” ဟု ပအိုဝ်းလူငယ်တဦးဖြစ်သူ ခွန်ချစ်သွေးက ပြောသည်။
ယခုဖော်ပြသည့် တနှစ်လျှင် သိန်း ၂၀ ထက်မနည်းသော ပမာဏသည် PNO ပြည်သူ့စစ်က စစ်စရိတ်ကို ငွေသားအဖြစ် ကောက်ယူသည့် ဆက်ကြေးများသာ ဖြစ်ပြီး မိမိပိုင် ကားများအား PNO သုံးရန် အလှည့်ကျ ရှေ့တန်းပို့ပေးရခြင်း၊ ထမင်းထုပ် ချက်ပို့ပေးရခြင်း ၊ ဘိန်းစိုက်ပျိုးခွင့် ဆက်ကြေးများ ကောက်ယူခြင်းနှင့် စစ်ကောင်စီက ကောက်ယူသည့် စစ်မှုထမ်းအတွက် ငွေစုပြီး လူငှားထည့်ရခြင်းများကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိသေးပေ။
ဦးအောင်ခမ်းထီ ၊ ဦးနေဝင်းထွန်း၊ ဦးခွန်သိန်းဖေ ၊ ဦးခွန်စံလွင်တို့ ဦးဆောင်သည့် PNO ပြည်သူ့စစ်သည် ၁၉၉၁ ခုနှစ်တွင် စစ်တပ်နှင့် အပစ်ရပ်ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းကာ ၂၀၂၁ ခုနှစ်မှ စ၍ ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်တွင် တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီနှင့်အတူ တိုက်ခိုက်နေသည်။
#MeKongNews
#ပအိုဝ်းဒေသ
#တစ်အိမ်
#PNO
#ဆက်ကြေး








