မဲခေါင်၊ ဇန်နဝါရီ ၂၇
ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ ရေးဆွဲထားသော အမေရိကန်စာရွက်စာတမ်းသည် ရာနှုန်းပြည့် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းစာရွက်စာတမ်းကို လက်မှတ်ထိုးရန် အချိန်နှင့်နေရာကို ယူကရိန်းက စောင့်ကြိုနေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ပြောကြားသည်။
“ကျွန်တော်တို့အတွက်ကတော့ လုံခြုံရေးအာမခံချက်တွေက အမေရိကန်ဆီက ပထမဆုံးနဲ့ အဦးဆုံး လုံခြုံရေး အာမခံချက်တွေ ဖြစ်ပါတယ်။ စာရွက်စာတမ်းက ၁၀၀ ရာခိုင်နှုန်းအသင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ လက်မှတ်ရေး ထိုးနိုင်မယ့် အချိန်နဲ့နေရာကို မိတ်ဖက်တွေက အတည်ပြုပေးဖို့ကို ကျွန်တော်တို့ စောင့်နေပါတယ်”ဟု လစ်သူ ယေးနီးယားနိုင်ငံ မြို့တော်ဗီးလ်နီးယပ်စ် သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ဇီလန်စကီးက ပြောကြားသည်။
ထို့နောက် ယင်းစာရွက်စာတမ်းကို အမေရိကန်လွှတ်တော်နှင့် ယူကရိန်းလွှတ်တော်တို့ကို ပေးပို့အတည်ပြုသွား မည်ဟု ဇီလန်စကီးက ဆက်ပြောသည်။
ယူကရိန်း၊ ရုရှားမှညှိနှိုင်းရေးမှူးများသည် အမေရိကန်ကိုယ်စားလှယ်များ နှင့်အတူ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ တွင် သောကြာနှင့် စနေ ၂ ရက် တွေ့ဆုံကာ ၄ နှစ် နီးပါးကြာမြင့်လာပြီဖြစ်သော စစ်ပွဲအဆုံးသတ်ရေး ဝါရှင်တန်၏ မူဘောင်ကို ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်တော့ ထွက်ပေါ်မလာခဲ့ပေ။
သို့သော် ထပ်မံပြောဆိုဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း မော်စကိုနှင ့်ကိဗ် ၂ ဖက်စလုံးက ပြောကြားခဲ့ကြပြီး လာမည့် တနင်္ဂနွေနေ့၌ အဘူဒါဘီတွင် ထပ်မံဆွေးနွေးမည်ဟု မျှော်လင့်ကြောင်း ၂ ဖက်အစည်းအဝေး ပြီးဆုံးချိန်မှာပင် အမေရိကန်အရာရှိကြီးတစ်ဦးက ပြောကြားသည်။
အဘူဒါဘီမြို့တွင် အမေရိကန်၏ အချက် ၂၀ ပါ မူဘောင်နှင့် အခြား ပြဿနာဖြစ်နေသော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကာ ယခုအခါ ပြဿနာအချက်များ နည်းပါးသွားပြီဟု ဇီလန်စကီးက ဆိုသည်။
ကျူးကျော်စစ်အတွင်း မော်စကိုက အပြည့်အဝမသိမ်းပိုက်နိုင်သော နိုင်ငံအရှေ့ပိုင်းနယ်မြေများကို ယူကရိန်းက စွန့်လွှတ်သွားရေး မော်စကိုက အစွမ်းကုန်ကြိုးစားနေသော်လည်း ယူကရိန်း၏ နယ်မြေအချုပ်အခြာကို ဆက်လက် ထိန်းသိမ်းနိုင်ရေး မိမိတို့ရပ်တည်ချက်ကို ယူကရိန်းက အလျှော့မပေးကြောင်းလည်း ဇီလန်စကီးက ဆက်ပြောသည်။
၎င်းတို့ကြားတွင် ကြားချညှိနှိုင်းမှုရရှိရန် အမေရိကန်က ကြိုးပမ်းနေရာ အမေရိကန်အပါအဝင် ဘက်ပေါင်းစုံက အပေးအယူလုပ်ရန် ပြင်ဆင်ထားရမည်ဟု ဇီလန်စကီးက ဆက်ပြောသည်။
အေးကျော်
Ref: Reuters
#MeKongNews
#အမေရိကန်
#လုံခြုံရေး
#စာရွက်စာတမ်း
#ဇီလန်စကီး








