မဲခေါင်၊ ဇန်နဝါရီ ၂၆
တိရစ္ဆာန်မှ လူ၊ လူမှ လူသို့ ကူးစက်ပျံ့နှံ့နိုင်သည့် ထိတ်လန့်ဖွယ် နီဖာ (Nipah) ဗိုင်းရပ်စ် အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်၌ ပျံ့နှံ့နေခြင်းကြောင့် ဗုဒ္ဓဂယာနှင့် အနီးအနားရှိ ဘီဟာပြည်နယ်များသို့ ဘုရားဖူးလာမည့် ထိုင်းနိုင်ငံသားများ အထူးဂရုစိုက်ကြရန် ကိုးလ်ကတ္တာမြို့ရှိ ထိုင်းကောင်စစ်ဝန်ရုံးက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
အနောက်ဘန်ဂေါတွင် ဇန်နဝါရီ ၁၂ ရက် နောက်ပိုင်းမှစ၍ နီဖာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅ ဦးရှိခဲ့ပြီဖြစ်ရာ မက်စ်များတပ်ဆင် သွားလာစေရန်နှင့် တစ်ကိုယ်ရေ သန့်ရှင်းမှု အထူးဂရုစိုက်ရန်၊ သစ် သီးဝလံအစိမ်းများ၊ မသန့်ရှင်းသော အစားအသောက်များ ရှောင်ကြဉ်ရန် ပြည်နယ်အစိုးရက ပြည်သူများကို သတိပေးချက် ထုတ်ပြန်ထားသည်။
ကုသဆေးမရှိသေးသလို ကူးစက်ခံရလျှင် သေဆုံးနှုန်းမှာ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ရှိနေသော ယင်းဗိုင်းရပ်စ်သည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာများကို ဆိုးရွားစွာ ဖြစ်ပေါ်စေသည် သာမက ကူးစက်ခံရပြီး ၂၄ နာရီနှင့် ၄၈ နာရီအတွင်း ဦးနှောက် အာရုံကြောအား တိုက်ခိုက်သဖြင့် ကိုမာဝေဒနာများ ခံစားရပြီး ကူးစက်သူ ၂၀ ရာခိုင်နှုန်းတွင် နှစ်ရှည် အာရုံကြောပျက်စီးမှု ဝေဒနာပါ ခံစားရသဖြင့် ကိုဗစ်ထက်များစွာ ကြောက်စရာကောင်းနေသည်။
ထို့ကြောင့် ထိုင်းတွင် ဗိုင်းရပ်စ်ရောက်ရှိ ကူးစက်မှုသတင်း မကြားရသေးသော်လည်း အိန္ဒိယသို့ အထူးသဖြင့် ဗိုင်းရပ်စ် ကူးစက်မှုများရာ ဗုဒ္ဓဂယာနှင့် ဘီယာပြည်နယ်များသို့ သွားမည့်သူများ တစ်ကိုယ်ရေ သန့်ရှင်းမှုများအား အထူး ဂရုစိုက်ကြရန်နှင့် နီဖာဗိုင်းရပ်စ် သတင်းများကို မျက်ခြေမပြတ် နားစွင့်ထားရန်၊ မက်စ်များ တပ်ဆင်ထားရန်၊ လူလူချင်းတွင် အရည်မှ ကူးစက်စေသဖြင့် လူထူထပ်ရာ နေရာများသို့ ရှောင်ကြဉ်ရန် ထိုင်း ရောဂါထိန်းချုပ်ရေးဌာန ပြောဆိုခွင့်ရှိသူ ဒေါက်တာဂျူရိုင်ဝေါင်ဆာဝပ်က သတိပေးချက် ထုတ်ပြန်ခဲ့သည်။
သို့သော် အဆိုပါ နီဖာဗိုင်းရပ်စ်သည် အိန္ဒိယတွင်ပင် နိုင်ငံတစ်နံတစ်လျား ကူးစက်ပျံ့နှံ့မှု မရှိသေးဘဲ ဒေသအတွင်း၌သာ ကူးစက်မှု ရှိနေသေးသဖြင့် စောင့်ကြည့်နေဆဲ အနေအထားတွင်သာ ရှိနေသေးသည်။
သို့သော် ဖူးခက်နှင့် ပတ္တရားကဲ့သို့သော အိန္ဒိယ ခရီးသွားများစွာ လာသည့် လေဆိပ်များတွင် ထိုင်းကျန်းမာရေး အာဏာပိုင်များက နီဖာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး စစ်ဆေးမှုများ တင်းကျပ်နေပြီဖြစ်သည်။
၁၉၉၈ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ စတင် တွေ့ရှိခဲ့သော နီဖာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လင်းဆွဲများမှတစ်ဆင့် ကူးစက်တတ်သော သေဆုံးမှုနှုန်း မြင့်မားသည့် သတ္တဝါမှ လူသို့ ကူးစက်တတ်သော ရောဂါ (Zoonotic disease) အဖြစ် သတ်မှတ်ထားသည်။
ယင်းဗိုင်းရပ်စ်သည် မသန့်ရှင်းသော အစားအစာများ သို့မဟုတ် လူအချင်းချင်း တိုက်ရိုက် ထိတွေ့မှုများမှ တစ်ဆင့် ကူးစက်နိုင်ပြီး လက်ရှိအချိန်ထိ ထိုရောဂါအတွက် သီးသန့်ကုသဆေး သို့မဟုတ် အတည်ပြုထားသော ကာကွယ်ဆေး မရှိသေးပေ။
ကိုကလင်း
Ref:The Nation
#MeKongNews
#သေဆုံးနှုန်း
#နီဖာဗိုင်းရပ်စ်
#အနောက်ဘန်ဂေါ
#ဗုဒ္ဓဂယာ







