မဲခေါင်၊ ဇန်နဝါရီ ၂၁
ဂရင်းလန်းကို ထိန်းချုပ်မှုရယူရန် ၎င်း၏တောင်းဆိုမှုကို ဆန့်ကျင်သော ဥရောပနိုင်ငံများအပေါ် သွင်းကုန်ခွန်များ ချမှတ်ရန် ၎င်း၏ခြိမ်းခြောက်မှုကို ၁၀၀ ရာခိုင်နှုန်း ဆက်လုပ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သန္နိဌာန်ပြုလိုက်သည်။
ဥရောပ မဟာမိတ်များက ဂရင်းလန်း၏ အချုပ်အခြာအာဏာပိုင်မှုကို ဝန်းရံ ထောက်ခံခဲ့ကြကာ အမေရိကန် သမ္မတ အနေဖြင့် ခြိမ်းခြောက်မှုများဖြင့် တစ်စိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိန်းမတ်နယ်မြေအား ပိုင်ဆိုင်နိုင် မည်မဟုတ်ကြောင်း ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး ရက်မတ်ဆန်က အလေးအနက် ပြောကြားသည်။
ဥရောပ ၈ နိုင်ငံမှ ရောက်ရှိလာသော ကုန်ပစ္စည်းများအပေါ် ခြိမ်းခြောက်ထားသော အခွန်များကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဟု ဒေါ်နယ်ထရမ့်က NBC သတင်းဌာနကို ပြောကြားပြီး အင်အားသုံးမည့် အရေးကိုလည်း ပယ်ချခြင်း မပြုခဲ့ပေ။
ဂရင်းလန်းအား သိမ်းပိုက်ရန် အင်အား အသုံးပြုသွားမည်လားဟု မေးမြန်းမှုအပေါ် မှတ်ချက်မပေးလို ဟုထရမ့်က ဖြေကြားခဲ့သည်။
ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ ဒိန်းမတ်၊ နော်ဝေးတို့မှ သွင်းကုန်များအပေါ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ အခွန် ၁၀ ရာခိုင်နှုန်းစည်းကြပ်ပြီး ဇွန် ၁ ရက် ဆိုလျှင် ၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားမည်ဟု ထရမ့်က ဆက်ပြောသည်။
အခွန်ခြိမ်းခြောက်မှုအား ဆက်လုပ်သွားမည်လားဟု မေးမြန်းခံရချိန်တွင်လည်း “ဆက်လုပ်သွားမယ်။ ၁၀၀ ရာ ခိုင် နှုန်းပဲ” ဟု ထရမ့်က ပြန်ဖြေခဲ့သည်။
ဥရောပအနေဖြင့် ရုရှားနှင့် ယူကရိန်းကြား စစ်ပွဲကိုသာ အာရုံစိုက်သင့်ပြီး ဂရင်းလန်းအရေးကို အာရုံမထားသင့်ဟု ၎င်းက ပြောသည်။
ဂရင်းလန်းအတွက် အမေရိကန် စစ်ဆင်ရေးသည် နေတိုးအဖွဲ့၏ အဆုံးသတ်ဖြစ်မည်ဟု ဒိန်းမတ်က သတိပေးထား သည်။
မကြာသေးမီရက်ပိုင်းတွင် ဥရောပနိုင်ငံများက ဂရင်းလန်းနှင့် ဒိန်းမတ်ဘက်က ရပ်တည်ခဲ့ကြပြီး ၎င်းတို့၏ တပ်ဖွဲ့ ဝင်အနည်းငယ်ကိုလည်း ဂရင်းလန်းသို့ မည်ကာမတ္တ စေလွှတ်ပေးခဲ့ကြသည်။
သို့သော် ဂရင်းလန်းသို့ စစ်သားများ စေလွှတ်ပေးခဲ့သော ဥရောပမဟာမိတ် ၈ နိုင်ငံအပေါ် သွင်းကုန်ခွန်များ စည်း ကြပ်သွားမည့် အစီအစဉ်ကို ထရမ့်က ကြေညာခဲ့သည်။
ဥရောပသမဂ္ဂသည် ကြာသပတေးနေ့တွင် ခေါင်းဆောင်များ၏ အရေးပေါ် ထိပ်သီးအစည်းအဝေး ခေါ်ယူထားကာ ဂရင်းလန်းအား လွှဲပြောင်းရယူမည့် ထရမ့်၏ ခြိမ်းခြောက်မှု အသစ်များကို မည်သို့ တုံ့ပြန်ကြမည်ကို ဆွေးနွေးကြ မည် ဖြစ်သည်။
အေးကျော်
Ref:BBC
#MeKongNews
#ဂရင်းလန်း
#ခြိမ်းခြောက်မှု
#ရာနှုန်းပြည့်
#ထရမ့်








