မဲခေါင်၊ ဇန်နဝါရီ ၁၉
ဥရောပ မဟာမိတ်များအပေါ် အခွန်များ မချမှတ်စေရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား စည်းရုံးသိမ်းသွင်းရေး ကြိုးပမ်းမှုများ တိုးမြှင့်သွားကြရန် ဥရောပသမဂ္ဂ သံအမတ်ကြီးများက ယမန်နေ့တွင် သဘောတူခဲ့ကြပြီး အခွန်များ ချမှတ်ခဲ့ပါက လက်တုံ့ပြန်မည့် အစီအစဉ်များကိုလည်း ပြင်ဆင်နေကြသည်ဟု အီးယူ သံတမန်များက ပြောကြားကြသည်။
ဂရင်းလန်းအား အမေရိကန်က ဝယ်ယူခြင်းကို ခွင့်ပြုမည့်အချိန်အထိ ဥရောပ ၈ နိုင်ငံဖြစ်သည့် ဒိန်းမတ်၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဖင်လန်၊ ဗြိတိန် နှင့် နော်ဝေးတို့ အပေါ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ တဖြည်းဖြည်း တိုး မြှင့်သွားမည့် အခွန်များ စည်းကြပ်သွားမည်ဟု ထရမ့်က စနေနေ့တွင် သန္နိဌာန်ပြုခဲ့ပြီး ယင်းမှာ အကြပ်ကိုင် ငွေညှစ်ခြင်း ဖြစ်ကြောင်း ဥရောပက ဆိုသည်။
လာမည့် ကြာသပတေးတွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် အီးယူ ခေါင်းဆောင်များက ရွေးချယ်စရာ နည်းလမ်းများကို ဆွေးနွေးကြမည် ဖြစ်ရာ ၎င်းတို့အတွက် ရွေးချယ်စရာတစ်ခုမှာ အမေရိကန်သွင်း ကုန်များအပေါ် ယူရို ၉၃ ဘီလီယံ အထိရှိသော အခွန်စည်းကြပ်ရေး အစီအစဉ်ဖြစ်သည်။
ထိုအစီအစဉ်မှာ ၆ လ ဆိုင်းငံ့ထားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်တွင် အလိုအလျောက် အသက်ဝင်လာမည် ဖြစ်သည်။
အခြား ရွေးချယ်စရာတစ်ခုမှာ ယခင်က အသုံးပြုခြင်းမရှိခဲ့သော အကြပ်ကိုင်မှု ဆန့်ကျင်သော လက်နက် – ACI ကို ပထမဆုံးအကြိမ် ထုတ်သုံးရန် ဖြစ်သည်။
၎င်းဖြင့် အစိုးရတင်ဒါများ၊ ရင်းနှီးမြုပ်နှံမှုများ၊ ဘဏ်လုပ်ငန်းများနှင့် အမေရိကန်က အသာစီးရနေသည့် ဒစ်ဂျစ်တယ်လုပ်ငန်းများ အပါအဝင် ဝန်ဆောင်မှု လုပ်ငန်းများကို ကန့်သတ်သွားနိုင်ကြောင်း သိရသည်။
ACI ထက် အခွန်အစီအစဉ်အပေါ် ကျယ်ပြန့်သော ထောက်ခံမှုရရှိထားသည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေး တိုင်ပင်မှုများတွင် ဒိန်းမတ်နှင့် ဂရင်းလန်းကို ထောက်ခံသွားကြရန်နှင့် ခြိမ်းခြောက် အကြပ်ကိုင်မှု ပုံစံမျိုးစုံကို ကာကွယ်သွားကြရန် ခိုင်မာသော စိတ်ပိုင်းဖြတ်မှု ပြသခဲ့ကြသည်ဟု အီးယူထိပ် သီး ဆွေးနွေးပွဲများကို ဥက္ကဌအဖြစ် တာဝန်ယူရသူ ဥရောပကောင်စီဥ က္ကဌ အန်တိုနီယိုကော့စတာက လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်။
ဒိန်းမတ်နိုင်ငံက သံတမန်ရေးကိုသာ ဆက်လက်စူးစိုက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လုပ်ငန်းအဖွဲ့ ထူထောင်ရေး ဒိန်းမတ်၊ ဂရင်းလန်း နှင့် အမေရိကန်တို့၏ ဗုဒ္ဓဟူးနေ့ သဘောတူညီချက်ကို ရည်ညွှန်း၍ နော်ဝေနိုင်ငံသို့ အလည်အပတ် ရောက်နေသည့် ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး ရက်မတ်ဆန်က ပြောသည်။
ထိုအတောအတွင်းမှာပင် ဂရင်းလန်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်သမ္မတ အတွေးမှန်လာစေရန် ယခုနှစ် အမေရိကန်က လက်ခံကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ကြရန် ဂျာမနီ ခရစ်ယာန် ဒီမိုကရက်ပါတီ လွှတ်တော်အမတ် ဂျာဂန်ဟတ်က အကြံပြုလိုက်သည်။
အေးကျော်
Ref:Reuters
#MeKongNews
#ထရမ့်
#အခွန်
#လက်တုံ့ပြန်
#ဥရောပ








