မဲခေါင်၊ ဇန်နဝါရီ ၁၆
စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် (၁) ရဲစခန်းမှူး ဒုရဲမှူး ညိုဝင်းနှင့် အမှုစစ် ဒုရဲအုပ် ဝင်းမောင်ထွန်းတို့သည် ကုန်တင်ကားနှင့် ကုန်ကားသမားများကို ဖမ်းဆီးကာ ကုန်သည်ထံမှ ငွေညှစ်တောင်းခံခြင်း၊ လာဘ်ငွေယူကာ ပြန်လွှတ်ပေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့က မူဆယ်ဘက်မှလာသည့် တရုတ်ကုန်တင် ၆ ဘီး (ကန်တာအမျိုးအစား) ယာဉ်တစ်စီးကို လားရှိုးခရိုင် ဒုစရိုက်နှိမ်နင်းရေးမှ ရဲအုပ် ဇော်မင်းထွန်းက ဖမ်းဆီးခဲ့ပြီးနောက် အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ထားစဉ်အတွင်း စခန်းမှူးနှင့် အမှုစစ်တို့က ကုန်သည်ထံ ဖုန်းဆက်ကာ ငွေတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အမှုဖွင့်ပြီး ကားသမားကို ဖမ်းဆီးစစ်ဆေးကာ အချုပ်ထဲထည့်ထားတယ်။ စခန်းမှူး ဒုရဲမှူး ညိုဝင်းနဲ့ သူ့တပည့် အမှုစစ် ဒုရဲအုပ် ဝင်းမောင်ထွန်းက ကုန်သည်ဆီ ဖုန်းဆက်ပြီး ကွင်းဆက်ဖော်မယ်လို့ ခြိမ်းခြောက်တယ်။ အဲဒီလို မလုပ်စေချင်ရင် သိန်း ၂၀၀ ပေးဖို့ တောင်းတာ။ ကုန်သည်က နောက်ပိုင်း ဇယားရှုပ်မှာစိုးလို့ သိန်း ၁၂၀ ပေးလိုက်ရတယ်” ဟု ၎င်းက ပြောသည်။
ကားပေါ်တွင် တရုတ်ထုတ် အထည်အလိပ်၊ ဆပ်ပြာရည်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ တင်ဆောင်လာခြင်းဖြစ်ပြီး ကားသမားကို ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အမှုဖွင့်ထားပြီး ကားနှင့်ကုန်ပစ္စည်းများကို စခန်းတွင် သိမ်းဆည်းထားကြောင်း ရဲစခန်းအသိုင်းအဝိုင်းမှ သိရသည်။
၎င်းတို့သည် လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း ဆီသယ်သည့် ၆ ဘီးကားတစ်စီးကို ထောက်ခံချက်မပါဟုဆိုကာ ဖမ်းဆီးပြီးနောက် သိန်း ၅၀ ယူကာ ပြန်လည်လွှတ်ပေးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
“ပြည်သူကို ဒုက္ခမျိုးစုံပေးနေတဲ့ ညိုဝင်းနဲ့ ဝင်းမောင်ထွန်းကို ဘယ်သူမှမတားကြဘူး။ သူတို့က အထက်ကိုလည်း ပိုင်သလို အပေးအကမ်းလည်း ရက်ရောတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီသည် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို တရားမဝင် အကောက်ခွန်မဲ့ကုန်စည်ဟု သတ်မှတ်ကာ ဖမ်းဆီးနေခြင်းဖြစ်သည်။
သီပေါ ၉ မိုင်လမ်းခွဲ၌ ပြီးခဲ့သည့်ရက်ပိုင်းက ကားစီးရေ ၇၇ စီး ဖမ်းဆီးခဲ့ပြီး တန့်ယန်းဘက်၌လည်း ယနေ့နေ့လယ်ပိုင်းက ဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။
စီမံချက်အရ ဇန်နဝါရီ ၁၈ နှင့် ၂၁ ရက်များတွင်လည်း ထပ်မံဖမ်းဆီးရန် ရှိနေကြောင်း သိရသည်။
စစ်တပ်က ဖမ်းဆီးပြီး ရဲလက်အပ်ကာ အမှုဖွင့်ပြီးနောက် ရဲများက ကုန်ပစ္စည်းများကို ကိုယ်ကျိုးယူသုံးခြင်း၊ ငွေယူ၍ လွှတ်ပေးနေခြင်း၊ တရားရုံးများ၌ ငွေကုန်ကြေးကျ များပြားနေခြင်းတို့အပြင် နောက်ဆက်တွဲအဖြစ် ငွေကြေးခဝါချမှုဖြင့်ပါ အရေးယူမှုများ ရှိလာနေကြောင်း သိရသည်။
ငွေကြေးခဝါချမှုဖြင့် အရေးယူပါက ပိုင်ဆိုင်မှုအရပ်ရပ်ကို သိမ်းယူနိုင်သဖြင့် ရဲများက ယင်းအချက်ကို အသုံးချကာ ခြိမ်းခြောက်ငွေတောင်းမှုများ ပိုမိုလုပ်ဆောင်လာနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ပုံအညွှန်း – ဖမ်းဆီးခံရသည့် ၆ ဘီးကား
#MeKongNewsလား
#လားရှိုး
#ရဲတပ်ဖွဲ့
#ကုန်တင်ကား
#စခန်းမှူး








