မဲခေါင် ၊ ဇန်နဝါရီ ၁၆
ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့် စခန်း အသစ်တစ်ခု ထပ်မံ တွေ့ ရှိကြောင်း စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။
မိုင်းရယ်မြို့နယ်၊ နားလင်းကျေးရွာ၏ အရှေ့မြောက်ဘက် ၁၄ ကီလိုမီတာခန့်တွင် အဆောက်အဦးများ တွေ့သဖြင့် သွားရောက် ရှင်းလင်းရာ ယင်းသို့ ထပ်မံ တွေ့ရှိခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
ယင်းနေရာမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်ဆစ်ပုံးပြာ ၃၅၀၀ လုံးနှင့် သံပေပါ ၅၀၇ လုံး၊ ဂတ်စ်အိုး ၂၄၃ လုံး၊ မီးစက် ၂ လုံး၊ ဆေးပြားရိုက်စက် ၉ လုံး၊ Happy Water ထုတ်လုပ်သည်ဟု ယူဆရသော စက်ရုံဂိုထောင် ၁ လုံး၊ ဆေးပြားအခြောက်ခံဗန်း ၅၀ ခု၊ လူနေတဲ ၁၂ လုံး၊ အက်စစ်ပုံးထားသည့် ဂိုထောင် ၇ လုံး၊ ဖန်ပေါင်းချောင်များဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် တဲတစ်လုံး၊ ပစ္စည်းထည့် ဂိုထောင် ၃ လုံး၊ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ကုန်ကြမ်းများ ထားရှိသည့် ဂိုထောင် ၂ လုံးနှင့် ရိက္ခာ ဂို ထောင် ၂ လုံးတို့ ဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုသိမ်းဆည်းမိသည့်နေရာသည် ယခင်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးအဓိက ထုတ်လုပ်သည့်နေရာ၏ မြောက်ဘက် ၂ ဒသမ ၅ ကီလိုမီတာခန့်အကွာတွင် ဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။
သီပေါမြို့နယ်နှင့် မိုင်းရယ် မြို့နယ်များအတွင်း ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တွင် ဖော်ထုတ် သိမ်းဆည်းမိခဲ့သည့် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာ ၃ ခုသည် စုစုပေါင်း ကျပ် ၁၆၂ ၀ ဘီ လီယံခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထုတ်လုပ်နိုင်သဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ပင်ရင်းနေရာများ ဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့ပြင် ယင်းဒေသ တစ်ဝိုက်အားလည်း မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများ ရှိနိုင်သေးသဖြင့် နယ်မြေဖော်ထုတ် ရှင်းလင်းခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း စစ်ကောင်စီက ဆိုသည်။
ယခုသိမ်းဆည်းရမိသည်ဟု စစ်ကောင်စီက ထုတ်ပြန်နေသည့် နေရာသည် စစ်ကောင်စီတပ်၊ လက်အောက်ခံ ပြည်သူ့စစ်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ – SSPP တို့ လှုပ်ရှားသည့်နေရာ ဖြစ်သည်။
SSPP ကမူ တရားမဝင် လုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့နှင့် မသက်ဆိုင်ဟု ထုတ်ပြန်ထားပြီး ပါဝင် ပတ်သက်သည့် သူများကိုလည်း အရေးယူမည်ဟု ဆိုထားသည်။
#MeKongNews
#မိုင်းရယ်
#မူးယစ်ဆေးချက်
#စခန်းအသစ်
#စစ်ကောင်စီ








