မဲခေါင်၊ ဇန်နဝါရီ ၈
ထိုင်းဒုရဲချုပ်ဟောင်း အကျင့်ပျက်ခြစားမှုအား စုံစမ်းစစ်ဆေးမှုတွင် ပါဝင် ပတ်သက်နေသော အမျိုးသား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် – NACC မှ ကော်မရှင်နာအား ရာထူးမှ ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်တွင် NACC က ထုတ်ပြန်ခဲ့သည်။
ထိုင်းဒုရဲချုပ်ဟောင်း Big Joke ဟု အများသိကြသည့် ဆူရာချိတ်ဟက်ပန်းသည် BNKMaster အွန်လိုင်း လောင်းကစား ကွန်ရက်ထံမှ လာဘ်ငွေများစွာကို လစဉ်ရယူကာ အကာအကွယ် ပေးထားသည် ဆိုသော စွဲချက်ကြောင့် ၎င်းအား ၂၀၂၅ မတ်လကတည်းက ပင်စင်မပေးဘဲ ရာထူးမှ ဖယ်ရှားထားသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၁ နှင့် နိုဝင်ဘာကြားတွင် ဟက်ပန်းက ၎င်းအမှုအား ပပျောက်စေရန် အမည် မဖော်ပြသော NACC ကော်မရှင်နာထံသို့ သက်တော်စောင့် မှတစ်ဆင့် ဘတ် ၁၆ သန်းတန် ရွှေချောင်းများအား ၎င်း၏ တပည့်ဖြစ်သူ ရဲအရာရှိ ဖက်ဖန်ဖီဆာမိုင်အား သွားပေးခိုင်းရာတွင် ကော်မရှင်နာ၏ သက်တော်စောင့်က ကားဖြင့် ထွက်ယူသည့် ဗီဒီယိုသက်သေများ၊ ဖုန်းပြောဆိုသည့် အသံသက်သေများကို ဖီဆာမိုင်ကိုယ်တိုင်က ထိုင်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ထံ သက်သေများအဖြစ် ပေးပို့ခဲ့ရာ ထိပ်တန်း ရဲအဖွဲ့အစည်းများက ထိုသက်သေများအား ဇန်နဝါရီ ၅ ရက် တွင် NACC သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အလေးချိန် ၂၄၆ ဘတ်ရှိ ရွှေချောင်းများ လာဘ်ထိုးပြီး အမှုမှ လွတ်မြောက်စေရန် ဒုရဲချုပ်ဟောင်းက လုပ်ဆောင်ခဲ့မှုအား အစိုးရ သက်သေအဖြစ် ကိုယ်တိုင် ရွှေချောင်းများ သွားပေးသည့် ဖီဆာမိုင်ကိုယ်တိုင်က ဖခင် ရဲအရာရှိဟောင်း၏ တိုက်တွန်းမှုဖြင့် ဖော်ထုတ် တင်ပြခြင်းဖြစ်ရာ NACC အထွေထွေအတွင်းရေးမှူး ဆူရာပေါင်အင်တာရာ သာဝန်က စွပ်စွဲချက်ပါ ကော်မရှင်နာအား ရာထူးမှ ဖယ်ရှားလိုက်ကြောင်း ဇန်နဝါရီ ၇ ရက်၌ ထုတ်ပြန်ခဲ့ပြီး မည်သူမည်ဝါ ဖြစ်သည်ကိုမူ ထုတ်ပြန်ချက်၌ ဖော်ပြခြင်းမရှိခဲ့ပေ။
ထုတ်ပယ်ခံရသည့် ကော်မရှင်နာ အစား ဖက်ဆက်ဝမ်ဆန်းဆိုသူအား အစားထိုး ခန့်အပ် လိုက်ကြောင်းကိုလည်း တစ်ပါတည်း ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းဒုရဲချုပ်
#လာဘ်ထိုး
#NACC
#ထုတ်ပယ်








