မဲခေါင်၊ ဇန်နဝါရီ ၆
လောက်ကိုင်အပါအဝင် ကိုးကန့်ဒေသတစ်ခုလုံး ပြန်လည် သိမ်းပိုက်နိုင်ရန် လက်ကျန်တပ်စခန်းတစ်ခု ဖြစ်သည့် နန်ထင်မိန်တောင် စခန်းကုန်းကို ရရှိခဲ့သော ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် ကို အမှတ်ရစေရန် ပြန်လည် ထူထောင်ရေးနေ့ အဖြစ် သတ်မှတ်ကြောင်း MNDAA က ယနေ့ ထုတ်ပြန်သည်။
အထူးဒေသ – ၁ ကို အပြီးသတ် သိမ်းပိုက်နိုင်သည့် ဇန်နဝါရီ ၅ ရက်ကို ယင်းကဲ့သို့ သတ်မှတ်ခြင်းဖြစ်ပြီး ကိုးကန့်ဒေသ အားလုံးကို ၁၄ နှစ်အကြာတွင် ပြန်လည် သိမ်းယူနိုင်ခဲ့သော နေ့လည်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆို သည်။
ယင်းတိုက်ပွဲ ကာလအတွင်း စစ်ကောင်စီ၏ လောက်ကိုင်ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ် (ဒစက) အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦး၊ အရာရှိ ၂၂၈ ဦး၊ အခြား အဆင့် ၂၀၀၀ ခန့် ကိုးကန့်တပ်ထံ အကြီးအကျယ် မရှုမလှ လက်နက်ချ အညံ့ခံခဲ့ရသည်။
ယင်းအခမ်းအနားတွင် ဒီမိုကရေစီ တော်လှန်ရေး ခရီးလမ်း၌ အသက်ပေးခဲ့ကြသည့် အာဇာနည်များကို ဂုဏ်ပြုရန်၊ ရန်သူကို မကြောက်ရန်နှင့် ပိုကောင်းမွန်သည့် အနာဂတ်အတွက် ရဲဝံ့စွာ ထမ်းဆောင်သွားရန် ရည်ရွယ်၍ အထူးဒေသ – ၁ နယ်မြေအနှံ့မှာ ပြန်လည် ထူထောင်ရေးနေ့ အထိမ်းအမှတ်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး တစ်ယောက်မျှမရှိတော့သည့် အထူးဒေသ – ၁ ကို မြို့တော်တစ်ခု၊ ခရိုင် ၄ ခုဖြင့် ဖွဲ့စည်းကာ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍသစ်သို့ ခြေလှမ်း စတင်နိုင်ခဲ့ကြောင်း The Kokang က ရေးသား ဖော်ပြထားသည်။
#MeKongNews
#စစ်ကောင်စီတပ်
#အကြီးအကျယ်
#ရှုံးနိမ့်
#MNDAA








