မဲခေါင်၊ ဇန်နဝါရီ ၅
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့သို့ သင်တန်းဆင်းပြီး ရောက်လာသည့် စစ်မှုထမ်း တပ်သားသစ် အယောက် ၄၀ ကျော် အစုအပြုံလိုက် ထွက်ပြေးသဖြင့် ရွာများ၌ စစ်ကောင်စီတပ် အသည်းအသန် လိုက်လံ ရှာဖွေနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ တပ်မ – ၉၉ နှင့် တပ်မ – ၅၅ လက်အောက်ခံ တပ်ရင်းများမှ တပ်သားသစ်များမှာ ယခု လဆန်းပိုင်းက ထွက်ပြေးသွားခြင်း ဖြစ်ပြီး ရပ်ကွက်များ၊ ကျေးရွာများတွင် နေအိမ်များထဲအထိ လိုက်လံ ရှာဖွေနေသဖြင့် ယင်းဖြစ်စဉ်ကို ဒေသခံများသိရခြင်း ဖြစ်သည်။
“လက်နက်တွေလည်း ပါသွားတယ် ကြားတယ်၊ လူသစ်တွေချည်းပဲတဲ့၊ အခုထိတော့ ပြန်မိတယ် မကြားသေးဘူး။ အခုက တပ်တွေ အင်အားဖြည့်နေတာ တပ်မ ၁၁၊ ၅၅၊ ၉၉ တွေ”ဟု မိုးမိတ် – မန္တလေး ကားသမားများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်က စစ်ကောင်စီတပ်များ မိုးမိတ်ကို ဝင်ရောက်လာပြီးနောက် ယခုလဆန်းပိုင်း၌ ကားအစီး ၂၀ ကျော်ဖြင့် ထပ်မံဝင်ရောက် အင်အားဖြည့်သည့်ထဲမှ သင်တန်းဆင်းပြီးစ တပ်သားသစ် ၄၀ ကျော် ထွက်ပြေးကြခြင်း ဖြစ်သည်။
တရုတ်ကြားဝင်မှုဖြင့် TNLA ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ရေတံခွန်ကျေးရွာ၌ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး ဒီဇင်ဘာ ၁၂ ရက် တွင်လည်းစစ်တပ်၏ လက်နက်ကြီးကြောင့် မန်ကျည်းပင်နှင့် ကောင်ရာရွာ အကြား နွားကျောင်းနေသူ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ရသည်။
#MeKongNews
#မိုးမိတ်
#စစ်မှုထမ်း
#တပ်သားသစ်
#ထွက်ပြေး
#လိုက်ရှာ








