မဲခေါင်၊ ဇန်နဝါရီ ၄
ဆီးရီးယားနိုင်ငံမှ အိုင်အက်စ်အဖွဲ့ ယခင်က အသုံးပြုခဲ့သော မြေအောက် လက်နက်တိုက်ဟု မသင်္ကာသော နေရာတစ်ခုကို ဗြိတိန်နှင့် ပြင်သစ်လေတပ်တို့က ပူးတွဲ စစ်ဆင်ရေးဖြင့် ယမန်နေ့ ညနေက ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ဆီးရီးယားမှ အချို့ဒေသများကို ၂၀၁၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု ပြန်လည်၍ ခေါင်းထောင်မလာစေရန် အနောက်တိုင်း လေယာဉ်များက ကင်းလှည့် စောင့်ကြည့်မှုများ လုပ်ဆောင်နေကြသည်။
ပယ်လ်မိုင်ရာမြို့မြောက်ဘက်တောင်တန်းတွင် လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ သိုလှောင်ထားသည်ဟု ယုံကြည်ရသော မြေအောက် စခန်းတစ်ခုကို ထောက်လှမ်းရေးဌာန စိစစ်ဖော်ထုတ်ခဲ့သည်။
“ကျနော်တော်တို့ လေယာဉ်တွေက အဲဒီစခန်းကို ဝင်တဲ့ လိုဏ်ဂူပေါက် အများအပြားကို Paveway IV ပစ်မှတ် လမ်းညွှန်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အသေးစိတ် လေ့လာဆန်းစစ်မှုတွေ လုပ်နေဆဲ ဖြစ်ပေမယ့်လည်း ပစ်မှတ်တွေကို အောင်မြင်စွာ ချေမှုန်းခဲ့တယ် ဆိုတာကို ကနဦး ညွှန်ပြချက်တွေက ပြသနေပါတယ်” ဟု ဗြိတိန် ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။
ယင်းတိုက်ခိုက်မှု မတိုင်မီ ထိုနေရာတွင် အရပ်သားနေထိုင်မှု လုံးဝမရှိကြောင်းနှင့် ၎င်းတို့၏ လေယာဉ်များ ဘေးကင်းစွာ ပြန်လာနိုင်ခဲ့ကြောင်း ဗြိတိန်က ပြောသည်။
အိုင်အက်စ်အဖွဲ့နှင့် ၎င်းတို့၏ အန္တရာယ်ရှိပြီး အကြမ်းဖက်သော အတွေးအခေါ် အယူအဆများ အရှေ့အလယ်ပိုင်းတွင် ပြန်လည် ခေါင်းထောင်မှု မှန်သမျှကို တိုက်ထုတ်ပစ်ရန် ဗြိတိန်၏ ဦးဆောင်မှု၊ မဟာမိတ်များ နှင့်အတူ ယှဉ်တွဲ ရပ်တည်နေမှုကို ယခုလုပ်ရပ်က ပြသနေသည်ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီက ဆိုသည်။
ယင်းစစ်ဆင်ရေးအတွက် ဗြိတိန်က Typhoon FGR4 တိုက်လေယာဉ်များနှင့် Voyager လောင်စာဖြည့် လေယာဉ် များကို အသုံးပြုခဲ့သည်ဟု ဗြိတိန်က ပြောသည်။
အေးကျော်
Ref: Reuters
#MeKongNews
#ဆီးရီးယား
#အိုင်အက်စ်
#လက်နက်တိုက်
#ဗုံးကြဲ








