မဲခေါင်၊ ဇန်နဝါရီ ၂
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ သမီးဖြစ်သူ ကင်ဂျူအေးသည် ၎င်း၏ မိဘများနှင့်အတူ ကမ်ဆူဆန် ကွယ်လွန်သူ နိုင်ငံတော် အကြီးအကဲများ ဗိမ္မာန်သို့ ပထမဆုံးအကြိမ် လူသိရှင်ကြား သွားရောက်ကာ နိုင်ငံ့ ခေါင်းဆောင်ဟောင်းများအား ဂါဝရပြုခဲ့ကြောင်း အစိုးရမီဒီယာက ယနေ့ ထုတ်ပြန်သော ဓာတ်ပုံများတွင် မြင်တွေ့ရ သည်။
၎င်း၏အရိုက်အရာကို ဆက်ခံရန် ဖခင်ဖြစ်သူက ပြင်ဆင်ပေးနေသူအဖြစ် ရှုမြင်ခံရသူ ဂျူအေးသည် ပြီးခဲ့သည့် ၃ နှစ်အတွင်း နိုင်ငံတော် အခမ်းအနားများတွင် ပို၍ထင်ရှားသော ပွဲတက်မှုများ လုပ်ဆောင်နေပြီး နိုင်ငံ၏ စတုတ္ထမျိုးဆက် ခေါင်းဆောင်ဖြစ်နိုင်ကြောင်း လေ့လာသူများနှင့် တောင်ကိုရီးယား ထောက်လှမ်းရေး၏ ခန့်မှန်းချက်များ ကို လေပင့်ပေးခဲ့သည်။
ဇန်နဝါရီ ၁ ရက်က နိုင်ငံတော် ဗိမ္မာန်သို့ သွားရောက်မှုတွင် ကင်ဂျုံအန် နှင့်အတူ ဇနီးဖြစ်သူ ရီဆိုလ်ဂျူလည်း လိုက်ပါခဲ့ကာ ဂျူအေးသည် မိဘနှစ်ပါးနှင့်အတူ ကမ်ဆူဆန် Palace of the Sun ဗိမ္မာန် ခန်းမဆောင်ကြီး အတွင်း၌ ရှိနေခဲ့သည်ကို အစိုးရ KCNA သတင်းဌာန ဓာတ်ပုံများတွင် မြင်တွေ့ရသည်။
၂၀၁၀ ပြည့်နှစ် အစောပိုင်းက မွေးဖွားခဲ့သည်ဟု ယူဆရသော ကင်ဂျူအေးသည် ယခုနှစ် နှစ်သစ်ကူး အခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း KCNA သတင်းဌာနက ယမန်နေ့တွင် ပြောကြားသည်။
ယမန်နှစ်၊ စက်တင်ဘာလတွင်လည်း ၎င်းသည် ဖခင် ကင်ဂျုံအန် နှင့်အတူ ပေကျင်းသို့ အလည်အပတ်ခရီးတွင် လိုက်ပါခဲ့သေးသည်။
နျူကလီးယား ပိုင်ဆိုင်သောနိုင်ငံမှ မျိုးရိုးစဉ်ဆက် အမွေဆက်ခံမှုကို အတည်ပြုသော လုပ်ရပ်တွင် အရေးပါသော နေ့ရက်များနှင့် နှစ်ပတ်လည်နေ့များတွင် လက်ရှိခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံတော်ဗိမ္မာန်သို့ သွားရောက်၍ နိုင်ငံတည်ထောင်သည့် အဖိုးဖြစ်သူ ကင်အီဆွန်း နှင့် ဖခင်ဖြစ်သူ ခေါင်းဆောင်ဟောင်း ကင်ဂျုံအီတို့အား သွား ရောက် ဂါဝရ ပြုလေ့ရှိသည်။
မြောက်ကိုရီးယားနိုင်ငံက ကင်ဂျူအေး၏ အသက်ကို မည်သည့်အချိန်ကမျှ အတည်မပြုခဲ့ပေ။
မကြာမီကျင်းပမည့် ပါတီညီလာခံ မတိုင်မီ ကင်ဂျူအေးအား ကမ်ဆူဆန်ဗိမ္မာန်သို့ ပွဲထုတ်ခြင်းကို ဖခင်ဖြစ်သူ ကင်ဂျုံအန်က တွက်ချက် လုပ်ဆောင်ခြင်းဖြစ်နိုင်ပြီး ယင်းပါတီညီလာခံတွင် အရိုက်အရာ ဆက်ခံမှုကို တရားဝင် ပြုလုပ်ဖွယ်ရှိကြောင်း ဆေဂျောင် အင်စတီကျူဒ် ပညာရှင်များအဖွဲ့မှ ဒုတိယဥက္ကဌ ချောင်ဆောင်ချန်းက ပြောသည်။
တောင်ကိုရီးယားမှ ပြန်လည် ပေါင်းစည်းရေးဝန်ကြီးဌာန ပြောခွင့်ရသူကမူ ကင်ဂျူအေး ဗိမ္မာန်သို့ သွားရောက်မှုအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
တောင်ကိုရီးယား အစိုးရ၏ အမြင်ကို အရာရှိတစ်ဦးက ထုတ်ဖော် ပြောကြားရာတွင်မူ ဂျူအေး၏ အသက်နှင့် တရားဝင်ရာထူး မရှိခြင်းကို တွက်ဆပါက ဆက်ခံသူ ဖြစ်လာမည်ဟု ပြောရန် စောလွန်းနေသေးသည်ဟု ဆိုသည်။
အေးကျော်
Refv: Reuters
#MeKongNews
#အကြီးအကဲများ
#ဂါရဝပြုပွဲ
#ကင်ဂျုံအန်
#ပွဲထုတ်








