~ CWM ~
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နှစ်ဖက် အပစ်အခတ်ရပ်စဲလိုက်ကြပြန်ပါပြီ။ ဒီဇင်ဘာ(၂၇)ရက်၊ နှစ်နိုင်ငံ နယ်ခြားကော်မတီ(GBC) တို့ တွေ့ဆုံဆွေးနွေးအပြီးမှာ ယာယီ အပစ်အခတ်ရပ်စဲလိုက်ကြတာပါ။ (၇၂)နာရီအတွင်း နှစ်ဖက်တပ်တွေ အပြန်အလှန် ပစ်ခတ်ခြင်းမပြုကြတော့ဘဲ တပ်တွေက ရောက်ရှိနေရာမှာပဲ ဆက်နေဖို့ သဘောတူခဲ့ကြတာပါ။ ဒီအပစ်အခတ်ရပ်စဲရေးက ဘယ်လောက်တာရှည်မယ် မသိနိုင်သေးပေမယ့် ဒီဇင်ဘာ(၇)ရက်နေ့က စတင်လိုက်တဲ့ စစ်ပွဲဟာ ဒီဇင်ဘာ(၂၇)မှာ ရပ်စဲသွားတော့ ရက်ပေါင်း(၂၀)ကြာ ခဲ့တယ်လို့ ဆိုရမယ်။ ရက်(၂၀)ကြာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲဟာ တကျော့ပြန် ပြီးဆုံးခဲ့ပြီဆိုပေမယ့် ဘယ်နေ့၊ ဘယ်အချိန်မှာ အပစ်အခတ်ရပ်စဲရေး ထပ်မံကျိုးပေါက်ပြီး နှစ်ဖက် ပြန်လည်ပစ်ခတ်ကြဦးမယ်ဆိုတာ မသိနိုင်သေးပါဘူး။
နှစ်နိုင်ငံ နယ်ခြားကော်မတီ( GBC) ဟာ မလေးရှားနိုင်ငံမှာ ဒေါ်နယ်ထရမ့်ဦးဆောင်ပြီး ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အခြေခံပြီး အခု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာလို့ ဆိုတယ်။ သဘောတူညီချက်အရ ထိုင်းဘက်က ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယား စစ်သုံ့ပန်း(၁၈)ဦးကို ပြန်လွှတ်ပေးရမှာဖြစ်တယ်။
ဒါက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲနဲ့ ပတ်သက်ပြီး နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ အခြေအနေပါ။
ဒီတခေါက် စစ်ပွဲဟာ ကြားဝင်စေ့စပ်သူ မပါဘဲ ပြီးဆုံးသွားတယ်လို့ ဆိုရမယ်။ ပထမတကြိမ် တုန်းကတော့ အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က ကြားဝင်စေ့စပ်ပေးခဲ့ကြတယ်။
ခုတခေါက်မှာတော့ စစ်ပွဲနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် အောင်မြင်မှု မရခဲ့ဘူး။ နောက်ဆုံးမှာ နှစ်နိုင်ငံတွေ့ဆုံးဆွေးနွေးမှုကို ထိုင်း- ကမ္ဘောဒီးယား နယ်စပ်မှာပဲ ပြုလုပ်ဖို့ သဘောတူခဲ့ကြတယ်။
ဒုတိယအကြိမ် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲ အရှိန်အဟုန်မြင့်လာတော့ ဒီပြဿနာကြားထဲကို တရုတ်နိုင်ငံက ဝင်လာပြီး နှစ်ဖက် အပစ်ရပ်ဖို့ ကြိုးပမ်းတိုက်တွန်းခဲ့သေးတယ်။ ဒါပေမယ့် အောင်မြင်မှု မရခဲ့ဘူး။ ခုတော့ တရုတ်ကြီးက ထိုင်းနဲ့ ကမ္ဘောဒီးယားကြားထဲ ဝင်လာပြီး ဆရာကြီးလုပ်နေပြီဖြစ်တယ်။ အာဆီယံရော၊ ထရမ့်ပါ ညှိနှိုင်းပေးလို့ မရခဲ့တဲ့ ပြဿနာကို တရုတ်က နင်တော်.. နင်တော် ဆိုပြီး အလယ်ကောင်က ဝင်လာတာဖြစ်တယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးတို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဒီရက်ထဲမှာ တွေ့ဆုံညှိနှိုင်းနေကြပြီဖြစ်တယ်။
စစ်ပွဲတို့ရဲ့သဘာဝ နောက်ဆက်တွဲ ဘာတွေထပ်ဖြစ်လာမယ်တော့ မသိနိုင်သေးပေမယ့် လွန်ခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ်အထိတော့ နယ်စပ်စစ်ပွဲဟာ အရှိန်အဟုန် အတော်လေး ပြင်းထန်ခဲ့သလို နှစ်ဖက် ထိခိုက်ပျက်စီးသေဆုံးမှုတွေလည်း ကြီးမားခဲ့တယ်။ စစ်ပွဲ အရှိန်ရလာတာနဲ့အမျှ နှစ်နိုင်ငံပြည်သူတွေကြား ဆိုရှယ်မီဒီယာတွေပေါ်မှာ အပြန်အလှန်ဝေဖန်တိုက်ခိုက်မှုတွေလည်း အရှိန်မြင့်တက်ခဲ့တယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့(ဒီဇင်ဘာ-၂၂) က ထိုင်းစစ်တပ်ဟာ က အူဘွန်ဌာနီပြည်နယ်မှာ ကမ္ဘောဒီးယားဘက်က လာတည်ထားတဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ကိုးကွယ်ရာ ဗိဿနိုး ရုပ်ထုကြီးတခုကို မြေတူးစက်နဲ့ ဖြိုချပစ်ခဲ့တယ်။
ထိုင်းစစ်တပ်က ဗိဿနိုးရုပ်ထုကို မြေတူးစက်နဲ့ ဖြိုချဖျက်ဆီးနေတဲ့ ဗီဒီယိုသတင်းဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားပြီး အိန္ဒိယအစိုးရ ပြည်ပရေးရာဝန်ကြီးကိုယ်တိုင် ထိုင်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ ဘာသာရေးအပေါ် မလေးမစားတဲ့ လုပ်ရပ်အဖြစ် ပြစ်တင်ဝေဖန်ခဲ့တယ်။ တကမ္ဘာလုံးမှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေအပေါ် စော်ကားတဲ့လုပ်ရပ်အဖြစ် ဆိုရှယ်မီဒီယာပေါ်မှာ ထိုင်းစစ်တပ်နဲ့ ထိုင်းအစိုးရကို ဝေဖန်မှုတွေ လွှမ်းမိုးသွားခဲ့တယ်။
ထိုင်းအစိုးရကတော့ ဒါဟာ ဘာသာရေးအပေါ် မလေးမစားပြုမူတာမဟုတ်ဘဲ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နယ်မြေမှာ စစ်ရေးအရ လုပ်ဆောင်တာဖြစ်တယ်လို့ တုန့်ပြန်ခဲ့တယ်။ ထိုင်းဘက်က အဆိုအရ ဒီရုပ်ထုတည်ရှိရာ နယ်မြေဟာ ကမ္ဘောဒီးယားနယ်မြေမဟုတ်ဘဲ ထိုင်းပိုင်နက်ထဲမှာ ကမ္ဘောဒီးယားက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ရုပ်ထုကို လာတည်ထားတာဖြစ်တယ်လို့ ဆိုတယ်။
နှစ်ဖက်အငြင်းပွားနေတဲ့ ဒီနေရာမှာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းကဒီ ဗီဿနိုးရုပ်ထုကို ကမ္ဘောဒီးယားတွေက လာတည်ထားခဲ့တာပါ။ ထိုင်းစစ်တပ်ကတော့ ကိုယ့်နိုင်ငံ နယ်နမိတ်ထဲ လာတည်ထားတဲ့ ရုပ်ထုကို တရားမဝင်လို့ ဖြိုဖျက်တာဖြစ်ပေမယ့် ကမ္ဘောဒီးယားအတွက်တော့ ခုလို ဘာသာရေးအရ အထွတ်အမြတ်ပြုရာ ရုပ်ထုတခုကို ထိုင်းဘက်က ဖျက်ဆီးပစ်လိုက်တဲ့အတွက် ကမ္ဘာကြီးရဲ့ ကရုဏာကို ရရှိသွားတယ်။
ဟိန္ဒူဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဘာသာရေးရုပ်ထုတခုကို ဖြိုချတဲ့ ထိုင်းစစ်တပ်နဲ့ ထိုင်းအစိုးရကို ဟိန္ဒူဘာသာဝင်တွေနဲ့ ကမ္ဘောဒီးယားပြည်သူတွေက ဝေဖန်ပြစ်တင် ရှုတ်ချကြခဲ့ကြပြီး နှစ်ဖက်တိုက်ခိုက်မှုတွေလည်း အရှိန်မြင့်ခဲ့တယ်။ သတင်းမီဒီယာအချို့ကလည်း ထိုင်းစစ်တပ်ဖြိုချခဲ့တဲ့ ဗိဿနိုးရုပ်ထုဟာ ဂူဂယ်မြေပုံအရ ကမ္ဘောဒီးယားနိုင်ငံနယ်နမိတ်ထဲ မီတာ(၄၀၀)အတွင်းမှာ ရှိတယ်လို့ ဆိုတယ်။
ဒီတခေါက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲက အရင်တခေါက်ကထက် ပိုပြီး ပြင်းထန်တယ်။
အရင်တခေါက်(ပြီးခဲ့တဲ့ ဇူလိုင်-၂၄ရက်)က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲက ငါးရက်ပဲ ကြာပြီး ဇူလိုင် (၂၉)ရက်မှာ အပစ်အခတ် ရပ်စဲသွားပေမယ့် ဒီတခါမှာတော့ လျော့မကျတဲ့အပြင် ပိုပြီး ဆိုးရွားခဲ့တာကို တွေ့ရတယ်။
ဒီဇင်ဘာ(၇)ရက်ကစတင်တဲ့ တကျော့ပြန် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲမှာ ထိုင်းတော်ဝင် လေတပ်က အက်ဖ်-၁၆ တိုက်လေယာဉ်တွေဟာ ကမ္ဘောဒီးယားနယ်မြေအတွင်းပိုင်းထိ ဝင်ရောက်ပြီး စစ်ရေးပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ကမ္ဘောဒီးယားက စစ်စခန်းအဖြစ်အသုံးပြုနေတဲ့ ကာစီနိုရုံတွေကို ဗုံးကြဲတိုက်ခိုက်သလို လောင်ချာစခန်းတွေ၊ စစ်ရေးအထောက်အပံ့လမ်းကြောင်းပေါ်က တံတားတွေကို ဗုံးကြဲဖျက်ဆီးခဲ့တယ်။ နယ်စပ်တလျှောက် အငြင်းပွားနေတဲ့ နယ်မြေအများအပြားကိုလည်း ထိုင်းဘက်က ပြန်လည် သိမ်းပိုက်ခဲ့တယ်။
ဒီတခေါက်စစ်ပွဲမှာ ထိုင်းတွေဘက်က သည်းခံစိတ်ကုန်သွားပြီလို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ဆိုသလို ဒီစစ်ပွဲဟာ ထိုင်းတွေက မိမိကိုယ်မိမိ ကာကွယ်တဲ့ စစ်ပွဲလို့ ဆိုတယ်။ ကမ္ဘောဒီးယားစစ်အင်အားကို ရိုက်ချိုးနိုင်တဲ့အထိ စစ်ဆင်ရေးလုပ်သွားမယ်လို့လည်း ဆိုတယ်။
ကမ္ဘောဒီးယားကတော့ ထိုင်းကို ယှဉ်နိုင်တဲ့ လေတပ်အင်အား မရှိတော့ မြေပြင်ကနေ ရုရှားလုပ် BM21 ဒုံးပစ်လောင်ချာတွေနဲ့ ထိုင်းနယ်ထဲကို အဆက်မပြတ် ပစ်ခတ်ပြီး တုန့်ပြန်ခဲ့တယ်။ ထိုင်းဘက်မှာလည်း ကမ္ဘောဒီးယားက ပစ်ခတ်လို့ ရွာအချို့ ပျက်စီးသလို အရပ်သားသေဆုံးမှုတွေ ရှိတယ်။ ဒုတိယအကြိမ် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲမှာ နှစ်ဖက်သတင်းထုတ်ပြန်ချက်တွေအရ ဒီဇင်ဘာ(၂၄)ရက်နေ့အထိ လူပေါင်း (၈၀၀၀၀၀)ကျော် နယ်စပ်ဒေသက စွန့်ခွါထွက်ပြေးခဲ့ရပြီး ကမ္ဘောဒီးယားစစ်သား(၁၃)ဦး သေဆုံးကာ (၂၄၂)ဦး ဒဏ်ရာရရခဲ့တယ်။ ထိုင်းဘက်က စစ်သား (၂၁) ဦး သေဆုံးခဲ့ရပြီး လူပေါင်း တစ်သိန်းခွဲလောက် နယ်စပ်ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။
တကယ်တမ်း ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ပွဲဖြစ်လာတဲ့အခါ ထိခိုက်ဆုံးရှုံးမှုက နှစ်ဖက်စလုံးမှာ ကြီးမားတယ်။ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားရသလို နယ်စပ်တလျှောက် ပြည်သူတွေ အိုးအိမ်စွန့်ခွါထွက်ပြေးရတာ၊ မြောက်များစွာသော ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ကြရတာ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိခိုက်ရတာ စတဲ့ ဆုံးရှုံးနစ်နာမှုတွေ အကြီးအကျယ်ရှိခဲ့တယ်။
နယ်မြေပိုင်ဆိုင်မှုကို အကြောင်းပြုလို့ ငြင်းခုန်ကြရင်းက စတင်တဲ့ ပဋိပက္ခမှာ ဘယ်သူမှားတယ်။ ဘယ်သူမှန်တယ် ပြောဖို့ ခက်တယ်။ တကယ်တော့ ပဋိပက္ခရဲ့အစဟာ လွန်ခဲ့တဲ့ရာစုနှစ်ကတည်းကပါ။ တချိန်က ပြင်သစ်ကိုလိုနီဖြစ်ခဲ့ပြီး ပြင်သစ်အင်ဒိုချိုင်းနားမှာ ပါဝင်တဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကြား နယ်မြေသတ်မှတ်ချက် သဘောတူစာချုပ်ကို ၁၉၀၄ခုနှစ် နဲ့ ၁၉၀၇ခုနှစ်က ချုပ်ဆိုခဲ့တယ်။ ကမ္ဘောဒီးယားက ၁၉၅၃ ခုနှစ်မှာ ပြင်သစ်လက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေး ရလာချိန်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ပြင်သစ်ကိုလိုနီဘဝက သဘောတူခဲ့တဲ့ နယ်မြေတချို့ဟာ အငြင်းပွားစရာဖြစ်ခဲ့တယ်။ အထူးသဖြင့် ပရီယာ ဝိဟီရာ (Preah Vihear) ဘုရားကျောင်းအနီးတဝိုက်မှာပါ။ ဒီအငြင်းပွားမှုက နိုင်ငံတကာတရားရုံး(ICJ) အထိ ရောက်ရှိခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ အိုင်စီဂျေက ဘုရားကျောင်းဟာ သမိုင်းမှတ်တမ်းနဲ့ အထောက်အထားအရ ကမ္ဘောဒီးယားက ပိုင်ဆိုင်တယ်လို့ ဆုံးဖြတ်ပေးခဲ့တယ်။ ဒါပေမယ့် အိုင်စီဂျေရဲ့ အဆုံးအဖြတ်မှာ ဘုရားကျောင်းဝန်းကျင်နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မရှိတဲ့အတွက် ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ဒီနယ်မြေတဝိုက် ပိုင်ဆိုင်မှု အငြင်းပွားနေခဲ့တာ ကြာပြီဖြစ်တယ်။
၂၀၂၅ ခုနှစ် ကုန်ဆုံးခါနီးအချိန်မှာ ပေါ်ပေါက်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲဟာ တကယ်အရင်းစစ်လိုက်တော့ ဩဇာကြီးမားတဲ့ အာဏာရှင်မိသားစုနှစ်ခုကြား ပြိုင်ဆိုင်မှုက စတင်ခဲ့တယ်လို့ ဆိုရမယ်။
နယ်စပ်အငြင်းပွားမှုဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီဆိုပေမယ့် ခုလို အကြီးအကျယ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြတဲ့အထိ မဖြစ်ခဲ့ကြဘူး။ ကမ္ဘောဒီးယား အာဏာရှင် ဟွန်ဆန်နဲ့ ထိုင်းနိုင်ငံရဲ့ ပြည်ပြေးဝန်ကြီးချုပ် သက်ဆင်တို့ မိသားစု နှစ်ခုကြားက မကျေလည်မှုတွေကတဆင့် ခုလောက်အထိ နယ်စပ်စစ်ပွဲကြီး ဖြစ်ခဲ့ရတာပါ။
ကမ္ဘောဒီးယား အာဏာရှင် ဟွန်ဆန် နဲ့ သက်ဆင် တို့ဟာ တခုသောကာလမှာ အလွန်အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပြီး ထိုင်းနိုင်ငံက ထွက်ပြေးတိမ်းရှောင်နေတဲ့ သက်ဆင်ကို ဟွန်ဆန်က နေရာထိုင်ခင်းပေး ကြည့်ရှုစောင်မ ထားခဲ့တယ်။ ထိုင်းနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအပြောင်းအလဲနဲ့အတူ သက်ဆင်ဟာ ပြည်ပြေးဘဝက ပြန်ရောက်လာသလို သမီးဖြစ်သူ ပေတုန်တန်ကလည်း အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ် ဖြစ်လာတယ်။ ပြီးခဲ့တဲ့ ဇူလိုင်(၂၄)ရက် ပထမအကြိမ် နယ်စပ်စစ်ပွဲဖြစ်ပွားစဉ်မှာ ထိုင်းဝန်ကြီးချုပ်က သက်ဆင်သမီးငယ် ပေတုန်တန်ပါ။
ပြီးခဲ့တဲ့ ဇွန်လ(၁၇)ရက်မှာ ကမ္ဘောဒီးယား မီဒီယာတွေက ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း၊ အထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်တို့ နှစ်ဦးကြား (၁၇)မိနစ်ကြာ ဖုန်းဆက် ပြောဆိုမှုကို ဖွင့်ချလိုက်တယ်။ ဒီဖုန်းဆက်သွယ်ပြောဆိုမှုမှာ ပေတုန်တန်က ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနဲ့ပတ်သက်ပြီး ထိုင်းအမှတ်(၂)စစ်ဒေသက ဗိုလ်ချုပ် ဘွန်ဆင်း ကို အပြစ်ပုံချထားပြီး ဟွန်ဆန်ကို ” အန်ကယ်” လို့ ခေါ်ကာ အကူအညီလိုရင် ပြောပါဆိုပြီး ပြောဆိုထားတဲ့ အသံတွေ ပါဝင်နေတယ်။
ဒီအသံဖိုင်ဟာ ပုဂ္ဂိုလ်ရေးအသံဖိုင်ဖြစ်ပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ရည်ရွယ်ချက်ရှိရှိ နဲ့ မီဒီယာမှာ ဖွင့်ချလိုက်တယ်။ ဒီပုဂ္ဂိုလ်ရေးအသံဖိုင်ကြောင့် ထိုင်းအစိုးရအဖွဲ့အတွင်း မကျေနပ်မှုတွေဖြစ်ပေါ်ခဲ့ပြီး ပေတုန်တန် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရကနေ နှုတ်ထွက်မှုတွေ ဖြစ်ခဲ့တယ်။ လက်ရှိဝန်ကြီးချုပ် အနုတင်ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီဟာ ပေထုန်ထုန်အစိုးရကနေ နှုတ်ထွက်ခဲ့သလို ပေထုန်တန်ရဲ့ “ကျင့်ဝတ်မညီတဲ့ ဖုန်းဆက်ပြောဆိုမှု” နဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပြတိုင်ကြားခဲ့တယ်။ ဇွန်လ(၁၉)ရက်မှာ ပေတုန်တန်က ဖုန်းဆက်ပြောဆိုမှုကို ဝန်ခံခဲ့ပြီး အောက်တိုဘာ(၂၂)ရက်မှာ ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်သွားခဲ့တယ်။
ထိုင်း နဲ့ ကမ္ဘောဒီးယားတို့ရဲ့ နယ်စပ်စစ်ပွဲ အရှိန်အဟုန်မြင့်နေချိန်မှာပဲ ထိုင်းနိုင်ငံရေးကလည်း ရှုပ်ထွေးနေတယ်။ ဇူလိုင်(၂၄-၂၉)ပထမအကြိမ် နယ်စပ်စစ်ပွဲဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်အခတ်
ရပ်စဲသွားခဲ့ပေမယ့် ဒီဇင်ဘာ(၇)ရက်နေ့က ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ဆက်ဆာကော မှာ ကမ္ဘောဒီးယားစစ်သားတွေက ပစ်ခတ်လို့ ထိုင်းစစ်သား နှစ်ဦး ဒဏ်ရာရခဲ့ရာကစပြီး တကျော့ပြန် စစ်ပွဲကြီး ပြန်ဖြစ်လာခဲ့တယ်။
ခုတော့ ( ဒီဇင်ဘာ-၂၇)ရက်နေ့က ပြုလုပ်တဲ့ နှစ်နိုင်ငံနယ်ခြားကော်မတီ(General Border Committee ) အစည်းအဝေးသဘောတူညီချက်နဲ့ ပစ်ခတ်မှုတွေ ပြန်လည်ရပ်ဆိုင်းသွားခဲ့ပါပြီ။
၂၀၂၅ ခုနှစ်၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲဟာ သက်ဆင် နဲ့ ဟွန်ဆန်မိသားစုကြီးနှစ်စု အားပြိုင်ရာက စတင်ခဲ့တာဖြစ်သလို အာဏာရှင် ဟွန်ဆန်ရဲ့ အမျိုးသားရေးလှုံ့ဆော်မှုတခုလည်း ဖြစ်တယ်။
#CWM ref: Leaked recording reshapes politics, border tensions. BK Post.
#MeKongNews








