မဲခေါင်၊ ဒီဇင်ဘာ ၃၁
နယ်စပ်ပဋိပက္ခ အဆုံးသတ်ရန် နှစ်နိုင်ငံကြား သီတင်းပတ်အကုန် အပစ်ရပ်စဲမှု သဘောတူညီချက်အရ ဇူလိုင်လကတည်းက ထိန်းသိမ်းထားခဲ့သည့် ကမ္ဘောဒီးယား စစ်သုံ့ပန်း ၁၈ ဦးကို ထိုင်းနိုင်ငံက ယနေ့ ပြန်လွှတ်ပေးလိုက်ကြောင်း နှစ်ဖက် အာဏာပိုင်များက ပြောကြားသည်။
လူပေါင်း အနည်းဆုံး ၁၀၁ ဦး သေဆုံးခဲ့ကာ နှက်ဖက်စလုံးမှ ပြည်သူ သန်းဝက်ကျော်ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး တိုက်လေယာဉ်များ၊ လက်နက်ကြီးများ အတွဲလိုက်ဒုံးကျည်များပါ အသုံးပြုခဲ့ကြသည့် ရက်ပေါင်း ၂၀ ကြာ တိုက်ခိုက်မှုများကို ရပ်စဲကြရန် အိမ်နီးချင်း ၂ နိုင်ငံက သဘောတူခဲ့ကြပြီး စနေ နေ့လယ် ၁၂ နာရီတွင် စတင် အသက်ဝင်လာခဲ့သည်။
အမှန်အားဖြင့် ကမ္ဘောဒီးယား သုံ့ပန်းများကို ယမန်နေ့က ပြန်လွှတ်ပေးရမည် ဖြစ်သော်လည်း အပစ်ရပ် သဘောတူညီချက်ကို ကမ္ဘောဒီးယားဘက်က ချိုးဖောက်မှုများ ရှိသည်ဟုဆိုကာ ထိုင်းဘက်က ဆက်လက် ထိန်းသိမ်းထားခဲ့ကာ ယနေ့မှ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် အပစ်ရပ် ချိုးဖောက်ကြောင်းကို ကမ္ဘောဒီးယားက ငြင်းဆိုခဲ့သည်။
ထိုင်းဘက်က ၁၅၅ ရက်ကြာ ထိန်းသိမ်းထားခဲ့သော စစ်သားများကို ယနေ့ နံနက် ၁၀ နာရီတွင် နယ်စပ်ဂိတ်တစ်ခုမှ လွှဲပြောင်းပေးခဲ့သည်ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာလီဆိုချီတာက ပြောသည်။
ကမ္ဘောဒီးယား စစ်သားများအား ထိန်းသိမ်းထားချိန် အတွင်း နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ၊ မူဝါဒများနှင့် အညီ ဆက်ဆံခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
အေးကျော်
Ref: Reuters
#MeKongNews
#အပစ်ရပ်
#ကမ္ဘောဒီးယား
#ထိုင်း
#ပြန်လွှတ်








