မဲခေါင်၊ ဒီဇင်ဘာ ၃၀
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ပေါင်းလောင်းဒေသ၌ တောင်သူများ စိုက်ပျိုးထားသော ကုလားအော် ငရုတ်သီးခြံများသည် နှင်းရိုက်ခြင်းကြောင့် ဧက ၂ ထောင်နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပင်းလောင်းမြို့နယ်တွင် ဒီဇင်ဘာ ပထမပတ်ကတည်းက နှင်းကျနေပြီး နှင်းရည်ထိခြင်းကြောင့် ငရုတ်ပင် သေသွားခြင်း၊ အသီးဖြူသွားခြင်း၊ အသီးကြွေသွားခြင်းတို့နှင့် ကြုံနေရကြောင်း ဒေသခံများက ပြောသည်။
” ဒီနှစ်က နှင်းကျများတယ်။ အရမ်းလည်း အေးတယ်။ အရင်နှစ်က အမြင့်ပိုင်းဆို နှင်းမရောက်ဘူး။ ခုနှစ်က နှင်းမကျဖူးတဲ့ တောင်ပေါ် တွေအထိပါ ရောက်တာ။ နှင်းမရောက်ဘူး ထင်ပြီး ငရုတ်သီး စိုက်ထားတဲ့ နေရာတွေပါ နှင်းကျနေတော့ ခြံအများကြီးပဲ ပျက်စီးသွားတယ်။ နှင်းရည်ထိပြီဆို ငရုတ်သီးပင်က ချက်ချင်းပဲ ညှိုးပြီး ခြောက်သွား တယ်။ အသီးတွေလည်း ဖြူကုန်တယ်။”ဟု တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် ကုလားအော်ငရုတ်သီး နေလှန်းပြီးသား တစ်ပိဿာ ၅ သောင်းကျပ် ရရှိသော်လည်း ယခုနှစ်တွင် ၂ သောင်းဝန်းကျင်သာ ရှိကြောင်း တောင်သူတစ်ဦးက ပြောသည်။
“ဒီနှစ်က ဈေးမရှိဘူး။ အရင်နှစ်ဆို ငရုတ်သီး ၂ ပိဿာလောက်ရောင်းရင် ဆန်တစ်အိတ်ရပြီး ခုနှစ်က ၅ ပိဿာလောက်ရောင်းမှ ဆန်တစ်အိတ်ရတာ။ ကုန်ဈေးနှုန်းလည်း ကြီးတယ် ဆန်တစ်အိတ်ကို တစ်သိန်းတောင် ရှိတယ်။ ငရုတ်သီး ပျက်စီးသွားတာ တစ်ဖက်၊ ဈေးမရှိတာ တစ်ဖက်နဲ့ဆိုတော့ တောင်သူတွေ စားဝတ်နေရေး ခက်ခဲကြတယ် အဆင်မပြေကြဘူး”ဟု အခြား တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ပင်လောင်းမြို့နယ်တွင် နန်းပန်းကျေးရွာ၊ ဇာဂကျေးရွာ၊ တောင်ထီဗွာကျေးရွာ၊ ရင်းမှီးကျေးရွာ၊ နောင်ပီးကျေးရွာ၊ ဥဆောင်ကျေးရွာနှင့် ပေါင်းလောင်းဒေသတို့တွင် ကုလားအော်ငရုတ် အများဆုံး စိုက်ပျိုးကြကြောင်း ဒေသခံ များထံမှ သိရသည်။
#MeKongNews
#ပင်လောင်း
#နှင်းရိုက်
#ငရုတ်
#ပျက်စီး








