မဲခေါင်၊ ဒီဇင်ဘာ ၃၀
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယခု ရက်ပိုင်းအတွင်း ဆိုင်ကယ် လုယက်ခံရမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွား လျက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ရပ်တော်မူဘုရားတွင် မိန်းကလေး ၂ ဦး စီးလာသည့် ဆိုင်ကယ်ကို ဆိုင်ကယ်စီးသူ ၂ ဦးက လုယက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဘုရားဖူးလာသည့် ဆိုင်ကယ် သော့ခတ်ကာ ရပ်ထားခဲ့သည်ကို ပိုင်ရှင်များရှေ့တွင်ပင် သော့ဖျက် လုယက်သွား ခြင်း ဖြစ်ကြောင်း သိရသည်။
၂၈ ရက်နေ့ ည ၈ နာရီခွဲတွင်လည်း ကျိုင်းတုံမြို့က အလက – ၃ လမ်းကြားတွင် မိန်းကလေး၂ ဦးစီးလာသည့် ဆိုင် ကယ်ကို ဆိုင်ကယ်၂ စီး နှင့်လူ ၄ ဦးက အဓမ္မ လုယက်ခဲ့သေးသည်။
ယင်းနေ့ ညနေ ၅ နာရီကျော်မှာပင် တရုတ်ကျောင်းသွားသည့် ကုန်းဆင်းလမ်း၌ အမျိုးသမီးတစ်ဦး၏ ဆိုင်ကယ် လည်း အလုခံရကြောင်း ကာယကံရှင်နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်ကလည်း လွယ်မွေသွားလမ်း၌ ဆိုင်ကယ် လုယက်ခံရမှု ရှိခဲ့သေးကြောင်း ဒေသခံများ က ဆိုသည်။
ယခု ဒီဇင်ဘာ ၂၇၊ ၂၈ ရက်များတွင် ကျိုင်းတုံ၌ စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပလျက် ရှိသည့်အတွက် လုံခြုံ ရေးအပြည့် ချထားသည့်ကြားမှ ဆိုင်ကယ်များ လုယက်ခံနေရခြင်း ဖြစ်သည်။
“ကူညီပါရစေ လူကြီးမင်းများ၊ ဒီဒုစရိုက် ခိုးဆိုးလုယက် အန္တရာယ်ကို ဘယ်လို ကာကွယ် ရှင်းလင်းရမလဲ ဆိုတာ လူ ကြီးမင်းတို့သာ ရပ်ကွက် ကျေးရွာတွေကို ညွှန်ကြား လိုက်ပါတော့ဗျို့။ လက်တွဲ ပါဝင်ရှင်းလင်းဖို့ ရွာသူရွာသားတွေက တွေးပူ စောင့်မျှော်နေပြီ” ဟု ဒေသခံတစ်ဦးက ကျိုင်းတုံမှ စစ်ကောင်စီ တာဝန်ရှိသူများကို တောင်းဆိုထားသည်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း ရှမ်းအရှေ့မြို့တော် ကျိုင်းတုံတွင် ခိုးဆိုးလုယက် များလာပြီး လုံခြုံမှု မရှိတော့သည့် အခြေအနေမျိုး ရင်ဆိုင်လာနေရခြင်းကြောင့် သတိထားကြရန် ဒေသခံအချင်းချင်း သတိပေးနေကြရသည်။
#MeKongNews
#ကျိုင်းတုံ
#ဆိုင်ကယ်
#လုယက်မှု








