မဲခေါင်၊ ဒီဇင်ဘာ ၂၆
တရုတ်ပြည်မှ တင်ပို့လာသော အာလူးများကို ရပ်စောက်မြို့နယ်ရှိ စစ်ကောင်စီနှင့် လက်နက်ကိုင် စစ်ဆေးရေးဂိတ်များက လာဘ်စားပြီး တင်သွင်းခွင့်ပြုနေသဖြင့် ရှမ်းတောင်ထွက် အားလူးများ ဈေးမရဘဲ ဖြစ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယခု ဒီဇင်ဘာလအတွင်း ရပ်စောက်မြို့နယ်တွင် တရုတ်မှ ဝင်လာသော စီးရေဆယ်ချီသည့် အားလူးကားများကို ဂိတ်များက တားဆီးသော်လည်း လာဘ်စားပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“တရုတ်အာလူး တွဲကားအပြည့်နဲ့ ရပ်စောက်ဘက် ခုအရက်ပိုင်း ဆယ်စီးမက ဝင်လာတယ်။ စစ်ဆေးရေးဂိတ်တွေကလည်း တားပြီး လာဘ်ငွေနဲ့ ပြန်လွှတ်ကြတာပဲ။ အဲဒီ အာလူးကားတွေ PNO ဂိတ်တွေမှာ တားခံရမှာစိုးလို့ ဂိတ်ကျော်တဲ့အထိ အောင်ပန်းဘက် ရောက်တဲ့အထိ SSPP တပ်သားတွေက လိုက်ပို့ပေးတာ။ “ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ပြည်တွင်းတွင် အာလူးအသစ် ပေါ်ချိန် ရှမ်းပြည်စစ်ကောင်စီ အနေဖြင့် တရုတ်ဘက်မှ တရားမဝင် အာလူး တင်သွင်းလာခြင်းကို ထိန်းကျောင်းပေးရန်နှင့် ဈေးကွက်သစ် ရှာပေးရန် လိုအပ်ကြောင်းလည်း ရှမ်းတောင်ရှိ တောင်သူများက တောင်းဆိုသည်။
“တရုတ်ပြည်ဘက်က ကျမတို့ထက် ထွက်ရှိချိန် စောတယ်၊ ပြီးတော့ ဥကြီးတယ်။ ဈေးလည်းချိုတယ်၊ ကျမတို့ ဘက်ကျတော့ သူတို့ဘက်ထက် ပိုသေးတယ်၊ ဒါတွေ မယှဉ်နိုင်ဘူးပေါ့။ ခုတော့ ပိုက်ဆံလိုတဲ့ တောင်သူက အရှုံးနဲ့ ရောင်းရတယ်။ တချို့ကျတော့ ဈေးရှိမှာစောင့်ရင်း သိုလှောင်ထားကြတယ်”ဟု တောင်သူတစ်ဦး က မဲခေါင်သို့ ပြောသည်။
အလားတူပင် တရုတ်ပြည်မှ ဝင်လာသော ကြက်သွန်ဖြူတွဲကား များစွာကိုလည်း ရပ်စောက်ဂိတ်ရှိ စစ်သားများက ပိုက်ဆံယူပြီး လွှတ်ပေးနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယခုနှစ်တွင် သွင်းအားစု အဆမတန်စျေးတက်ပြီး အရင်းနှီးကြီးကာ အာလူးပေါ်ချိန်တွင် စျေးမရရှိခြင်းကြောင့် တောင်သူများ အရှုံးဖြင့်သာ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။
ယခင်နှစ်တွင် အာလူးတစ်ပိဿာ ၆ ထာင်၊ ၇ ထောင်ကျပ် အထိရရှိသော်လည်း ယခုနှစ်တွင် ၂ ထာင်ကျပ် ဝန်းကျင်သာရှိကြောင်း အောင်ပန်းကုန်စိမ်းဒိုင်မှ သိရသည်။
#MeKongNews
#တရုတ်
#အာလူး
#လာဘ်စား
#ရှမ်းတောင်








