မဲခေါင်၊ ဒီဇင်ဘာ ၂၅
တောင်ကြီးမြို့၊ ရွှေဘုန်းပွင့် တောင်တက်လမ်းရှိ ဗျုးပွိုင့်တွင် လာရောက် လည်ပတ်သူများက စည်းကမ်းမဲ့ အမှိုက်များ ပစ်နေသဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းလာကြောင်း ဒေသခံများက ပြောသည်။
တောင်ကြီးမြို့အရှေ့ဘက်ရှိ မြစိမ်းတောင်နှင့် ရွှေဘုန်းပွင့်ဘုရား သွားသည့်လမ်းရှိ ဗျုးပွိုင့်သို့ လာရောက် လည်ပတ်သူများ၊ အားကစားလုပ်သူများဖြင့် စည်ကားနေသကဲ့သို့ စည်းကမ်းမဲ့ အမှိုက်ပစ်မှုများလည်း များပြားလာခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနေရာတွင် အစားအသောက် ရောင်းချမှုများလည်း ရှိပြီး အချို့ လာရောက် လည်ပတ်သူများက ဝယ်ယူစားသုံးကြပြီး အမှိုက်များကို အလွယ်တကူ လျှိုထဲသို့ ပစ်ချနေကြသည်ဟု တောင်ကြီး မြို့ခံတစ်ဦးက ပြောသည်။
“အဲဒီနေရာက တောင်ကြီးမြို့ကို အပေါ်စီးကနေ မြင်ရတော့ လာလည်တဲ့လူတွေ ဓာတ်ပုံရိုက်တဲ့ လူတွေများတယ်။ တချို့က ကိုယ့်အမှိုက် ကိုယ်သိမ်းပေမယ့် တချို့က ဖြစ်သလို ပစ်တာတော့ မကောင်းဘူးပေါ့ဗျာ။ အဲလို လူတွေကြောင့် အမှိုက်တွေနဲ့ ညစ်ပတ်လာတာပေါ့။ တောင်ပေါ်ကိုချစ်ရင် အမှိုက်မပစ်ပါနဲ့လို့ ပြောချင်တယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် ယင်းနေရာတွင် အချို့က အရက်ဘီယာ သောက်ကြပြီး စားကြွင်းစားကျန်များ၊ ပုလင်း ဘီယာဗူးခွံများကို စည်းကမ်းမဲ့ ပစ်ထားကြသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အရှေ့ဘက်ရှိ တောင်ပေါ် တကြောသည် အလည်အပတ် လာသူများ ချယ်ရီပန်း လာရောက် ကြည့်ရှုသူများ အားကစား လုပ်သူများဖြင့် စည်ကားသည့် နေရာလည်းဖြစ်သည်။
#MeKongNews
#တောင်ကြီး
#ဗျုးပွိုင့်
#စည်းကမ်းမဲ့
#အမှိုက်ပစ်မှု








