မဲခေါင်၊ ဒီဇင်ဘာ ၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အမြန်လမ်းမပေါ်တွင် ယာဉ်မောင်းတစ်ဦးအား ပစ်ခတ် သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူကို အင်္ဂါနေ့က ယင်းဖြစ်စဉ်အပြီး ၎င်းထွက်ပြေး တိမ်းရှောင်နေခဲ့ရာ ခို့ချန်းကျွန်းတွင် ဖမ်းမိခဲ့သည်။
သံသယရှိသူ အသက် ၃၇ နှစ်အရွယ် ဆောင်ကရန်ပန်ဖူး ကို ဗုဒ္ဓဟူးနေ့တွင် ထရတ်ခရိုင်ရှိ ကမ္ဘာလှည့် ခရီးသွားကျွန်းရှိ ငှားရမ်းထားသော အခန်းတစ်ခုတွင် ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ သတင်းရင်းမြစ်အရ သိရသည်။
၎င်းအား ထွက်ပြေးရန် ကူညီပေးခဲ့သည့် အခြား အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဖမ်းဆီးမှုအတွင်း သံသယရှိသူက ခုခံခြင်း မပြုခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ယင်းပစ်ခတ်မှုသည် အင်္ဂါနေ့ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က ဘန်ကောက်မြို့၊ ဘန်းဆူးခရိုင်ရှိ ပရာချာချွန်း တိုးဂိတ်အနီး အမြန်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုးဂိတ်ရှေ့ မီတာ ၅၀၀ ခန့်အကွာတွင် Toyota Vellfire ဇိမ်ခံဗင်ကားက သေဆုံးသူ၏ ဆီဒင်ကားရှေ့သို့ ဖြတ်မောင်းခဲ့မှုကြောင့် ယင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။
အသက် ၃၄ နှစ်အရွယ် အနုဝပ် ယက်နီယွန်က တိုးဂိတ်တွင် ဂိတ်ကြေး ပေးပြီးနောက်မှာပင် ယင်းဗင်ကားက ၎င်း၏ကားဘေးသို့ ကပ်မောင်းလာပြီးနောက် သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရသဖြင့် ကားအတွင်းမှာပင် သေဆုံးခဲ့ရသည်။
ပစ်ခတ်ရာတွင် ၉ မမ ပစ္စတိုကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ရဲတပ်ဖွဲ့က အစောပိုင်းတွင် ပြောထားသည်။
ထို့နောက် သံသယရှိသူက အခင်းဖြစ်ရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
သံသယရှိသူက ဗင်ကားကို အင်္ဂါနေ့တွင် ဘန်ကောက်မြို့အနောက်ဘက် နခွန်ပထွန်ခရိုင်ရှိ ဟိုတယ်တစ်ခုတွင် ထားခဲ့ပြီးနောက် ၎င်းအား ချောင်ဘူရီသို့ ပို့ပေးရန် ငှားရမ်းခဲ့ကြောင်း တက္ကစီသမားတစ်ဦးက ရဲတပ်ဖွဲ့အား ထွက်ဆိုခဲ့သည်။
ယင်းဖြစ်စဉ်မှ သံသယရှိသူမှာ ချောင်ဘူရီ ဇာတိဖြစ်ကြောင်း သိရသည်။
Ref: Bangkok Post
#MeKongNews
#ဘန်ကောက်
#အမြန်လမ်း
#လူသတ်မှု
#ဖမ်းမိ








