မဲခေါင်၊ ဒီဇင်ဘာ ၂၂
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLAထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု TNLA က ဒီဇင်ဘာ ၂၁ ရက်ညတွင် သတင်းထုတ်ပြန် သည်။
ဖမ်းဆီးခံရသူမှာ အသက် ၂၄ နှစ်အရွယ် မိုင်းအောင်ဌေး ဆိုသူဖြစ်ပြီး ၎င်းသည် အရက်မူးပြီး မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်သဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်တွင် ၎င်းသည် အရက် သောက်ပြီးနောက် အသက် မပြည့်သေးသည့် ကလေးငယ်၏ နေအိမ်တွင် ဝင်အိပ်ပြီးနောက် ကလေးငယ်ကို အတင်း အဓမ္မပြုကျင့်ခဲ့ပြီး အခြားသူများအား ပြန်ပြောပြပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်က ၎င်းကိစ္စအား မိသားစုဝင်များကို တိုင်ပြောရာမှ တစ်ဆင့် TNLA ကို တိုင်ကြားသဖြင့် ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်ဟု TNLA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ကလေးမလေးက အသက် ၁၀ နှစ်ပဲရှိ သေးတယ်ဗျာ၊ မိဘတွေ မရှိတဲ့အချိန်မှာ သစ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်သွားတာ။ ဖမ်းမိပြီး စစ်တော့လည်း တရားခံက အဲလို ထွက်ဆိုတယ်။ အဖွဲ့အစည်းအနေနဲ့ သက်ငယ်မုဒိမ်းမှုတွေကို နောက်ထပ် မလုပ်ရဲအောင် အများပြည်သူရှေ့ အရေးယူလုပ်ပြဖို့ လိုတယ်။”ဟု နမ္မတူ သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်တွင်လည်း နမ္မတူမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၉ နှစ် သာရှိသေးသည့် ကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သည့် တရားခံတစ်ဦးကိုလည်း TNLA က ဖမ်းဆီးခဲ့သေးသည်။
#MeKongNews
#သက်ငယ်မုဒိမ်း
#TNLA
#ဖမ်းဆီး
#နမ္မတူ








