မဲခေါင်၊ ဒီဇင်ဘာ ၂၀
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံ – မိုင်းခတ်လမ်းတွင် ယမန်နေ့ညပိုင်းက အိမ်စီးကားငယ်တစ်စီး မတော်တဆ ချောက်ထဲထိုးကျ၍ တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း လူမှုကူညီသူများထံမှ သိရသည်။
ယမန်နေ့ည ၁၀ နာရီခန့် အချိန်တွင် ကျိုင်းတုံ – မိုင်းခတ်လမ်း ဝမ်တာပုံ စစ်ဆေးရေးဂိတ် မရောက်မီ ၁၇ မိုင် ၆ ဖာလုံ နေရာ၌ MARK II ယာဉ် ချောက်ထဲကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဥ်တွင် ယာဥ်ပေါ်ပါ အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး လက်ကျိုးကာ တစ်နှစ်အရွယ်ခန့် မိန်းကလေးတစ်ဦး ခေါင်းပေါက်ပြဲ ဒဏ်ရာရအသီးသီး ရရှိခဲ့ကြောင်း သိရသည်။
“မောင်းတာတော့ အမျိုးသားပဲ၊ ကားစလစ်ဖြစ်တာလို့ သိရတယ်၊ သူကတော့ ဒဏ်ရာမရဘူး။ ချောက်ထဲက အပေါ် ရောက်အောင် ခက်ခက်ခဲခဲ သယ်ထုတ်ရတယ်”ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။
သေဆုံး၊ ဒဏ်ရာရသူများကို ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက ဆေးရုံသို့ သယ်ယူ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#MeKongNews
#ကျိုင်းတုံ
#မိုင်းခတ်
#ချောက်ထဲကျ
#သေဆုံး








