မဲခေါင်၊ ဒီဇင်ဘာ ၂၀
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းသည် အကြမ်းဖက်သမားများ လေ့ကျင့်ရာ ဗဟိုချက် ဖြစ်လာနေသည်ဟု ဘွန်ဒိုင်းကမ်းခြေ အကြမ်းဖက် ပစ်ခတ်မှုအပြီး နိုင်ငံတကာလုံခြုံရေး အထူးကျွမ်းကျင်သူ ဝီလ်ဂက်ဒက်စ်က သုံးသပ်ခဲ့သည်။
၂၄ နှစ်အရွယ် အကြမ်းဖက်သမား နာဗိအက်ကရမ်နှင့် သေဆုံးသူ အသက် ၅၀ အရွယ် ဖခင် ဆာဂျစ်တို့ ၂ ဦးသည် ဘွန်ဒိုင်းကမ်းခြေ အကြမ်းဖက်မှုမတိုင်ခင် ၂ ပတ်ကျော်က ဖိလစ်ပိုင်တောင်ပိုင်း အစ္စလာမ္မစ် စစ်သွေးကြွများ ထိန်းချုပ်ရာ မင်ဒါနာအိုကျွန်းသို့ သွားရောက်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
“မင်ဒါနာအိုကျွန်းဟာ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှားတို့နဲ့တောင် မတူဘူး။ အကြမ်းဖက်သမားတွေအတွက် ပိုပြီး ကောင်းမွန်တဲ့ ရင်းမြစ်တွေ ကြွယ်၀စွာရှိတဲ့ နယ်မြေပါ။ ဖိလစ်ပိုင် အစိုးရတပ်တွေလည်း လွယ်လွယ် ဝင်လို့မရတဲ့ အကြမ်းဖက်တို့ လွတ်မြောက်ရာ ကောင်းကင်ဘုံလို နေရာဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာတော့ အကြမ်းဖက်မှုတွေ ဒီ ဘက်ခေတ်ထဲ နည်းလာပေမယ့် မင်ဒါနာအိုကတော့ ပြည်ပကလာတဲ့ နိုင်ငံခြားသား အကြမ်းဖက်သမားတွေကို လေ့ကျင့်ပေးရာ ဗဟိုချက် ဖြစ်လာနေတာပါ”ဟု ဝီလ်ဂက်ဒက်စ်က သုံးသပ်ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ နာဗိသည် ဆစ်ဒနီအခြေစိုက် IS အကြမ်းဖက်အဖွဲ့သို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာတွင် ဝင်ရောက်ခဲ့ကြောင်း သိရှိရကာ ဖိလစ်ပိုင်တောင်ပိုင်းကျွန်း မင်ဒါနာအိုသည် အစဉ်အဆက် အစ္စလာမ္မစ် စစ်သွေးကြွ များ ထိန်းချုပ်ရာ နယ်မြေဖြစ်သလို ISIS များအတွက် အကြမ်းဖက် သင်တန်းပေးရာ ကျွန်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဩစတြေးလျနိုင်ငံ၊ ဘွန်ဒိုင်းကမ်းခြေတွင် ဂျူးလူမျိုးများ ပွဲတော်နေ့၌ ISIS အကြမ်းဖက် သားအဖ ၂ ဦးက သေနတ်ဖြင့် မဲမဲမြင်မြင်ရာ ပစ်ခတ်ခဲ့ရာ လူ ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#မင်ဒါနာအို
#ISIS
#ကျွမ်းကျင်သူ
#သုံးသပ်








