မဲခေါင်၊ ဒီဇင်ဘာ ၁၆
– ရုရှားကြေးစား စစ်သားများကို နယ်စပ်တိုက်ပွဲများတွင် တာဝန်ထမ်းဆောင်ရန် ငှားရမ်းထားသည် ဆိုသည့် ထိုင်းစစ်တပ်နှင့် မီဒီယာများ၏ စွပ်စွဲချက်များကို ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်က တုံ့ပြန် ဖြေရှင်းခဲ့ သည်။
၁၉၉၃ ခုနှစ် နောက်ပိုင်းကတည်းက ကမ္ဘောဒီးယား ပိုင်နက်ထဲတွင် နိုင်ငံခြားတပ်ဖွဲ့ဝင်များ လုံးဝ မရှိခဲ့ကြောင်း ၎င်းက ငြင်းဆိုသည်။
– နယ်စပ်တိုက်ပွဲများ အရှိန်မြင့်လာနေ ခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိမည့် လောင်စာဆီနှင့် စစ်ဘက်သုံးပစ္စည်း တင်ပို့မှုများကို စောင့်ကြည့် ထိန်းချုပ်ရန် အစီအမံများကို ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီ – NSC က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
– နှစ်နိုင်ငံနယ်စပ်၊ တောင်ကုန်းအမှတ်(၃၅၀) တိုက်ပွဲအတွင်း ထိုင်းစစ်သားနှစ်ဦး ထပ်မံ ကျဆုံးသွားခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ပြန်လည် သယ်ယူနိုင်ခြင်း မရှိသေးကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။
– ကမ္ဘောဒီးယား ကာစီနို အဆောက်အအုံတစ်ခုနှင့် ချောင်ဆိုင်ထာကူတွင် ရှိသည့် ငွေလိမ်ဂိုဏ်း အခြေစိုက် စခန်းဟု သံသယရှိသည့် နေရာတစ်ခုကို ထိုင်းသံချပ်ကာ တပ်ဖွဲ့ဝင်များက ယနေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ သည်။
ယင်းစစ်ဆင်ရေးသည် ထိုင်းနိုင်ငံဘက်သို့ ဒရုန်းများ လွှတ်တင်ရန် အသုံးပြုနေကြောင်း သတင်း ရရှိထားသည့် နေရာကို ဖျက်ဆီးရန် ရည်ရွယ်ကြောင်း ထိုင်းစစ်တပ်က ဆိုသည်။
– ယနေ့ ဒီဇင်ဘာ ၁၆ ရက် အထိ ထိုင်းစစ်တပ်သည် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲရေးကို ဆက်လက် ထိုးဖောက် တိုက်ခိုက်နေကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီဆိုချီတာက သတိပေး ပြောကြားသည်။
ယနေ့ တစ်နေ့လုံးတွင် ထိုင်းစစ်တပ်က လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်မှုနှင့် အဆိပ်ငွေ့များ အသုံးပြုသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
– ယနေ့ ညနေ ၆ နာရီတွင် ထိုင်းစစ်သားများက ချောင်းအန်းမား ဒေသကို ရာနှုန်းပြည့် အောင်မြင်စွာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ပိုင်နက်မြေပေါ်တွင် ထိုင်းအလံကို လွှင့်တင်ခဲ့ကြောင်း ထိုင်းကြည်းတပ် စစ်ဆင်ရေးအဖွဲ့က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။
#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#စစ်ပွဲ
#နောက်ဆုံးရ








