မဲခေါင်၊ ဒီဇင်ဘာ ၁၂
ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေး ၃ ဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်းနိုင်ငံသား ၁ ဦးတို့အား တာချီလိတ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ဖမ်းဆီးမိခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည် လွှဲပြောင်း ပေးအပ်ကြောင်း စစ်ကောင်စီ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ – CCDAC က ယမန်နေ့တွင် သတင်း ထုတ်ပြန်သည်။
ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၁၁ နာရီတွင် ရှမ်းပြည်အရှေ့ပိုင်း မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား -၂ ၌ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းအလိုရှိ မူးယစ် တရားခံများဖြစ်သူ ဖွန်းချနာဖုန်းထောင်း(ခ)သွန်း၊ ထနိဒါးဖုံးငင်း(ခ) နိန်းတို့ကို နိုဝင်ဘာ ၁၃ ရက်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၌ လည်းကောင်း၊ ဝီလတ်ထောင်ဝုဒွမ်ကို မိုင်းတုံမြို့နယ်၊ နားကောင်းမူ ကျေးရွာ၌ နိုဝင်ဘာ ၁၄ ရက်တွင် လည်းကောင်း ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် စက်တင်ဘာ ၁၆ ရက်က တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်တွင် ဖမ်းဆီးမိခဲ့သည့် တရားမဝင် ဝင်ရောက်နေထိုင်ခဲ့သူ ထိုင်းနိုင်ငံသား ချရစ်ဖူချရွန်ကိုလည်း ဖမ်းဆီးထားပြီး ယခုတွင် တစ်ပါတည်း လွှဲပြောင်းခဲ့ကြောင်း သိရသည်။
#MeKongNews
#အလိုရှိ
#မူးယစ်တရားခံ
#မြန်မာ
#ပြန်လွှဲ








