မဲခေါင်၊ ဒီဇင်ဘာ ၁၁
ထိုင်းနိုင်ငံတောင်ပိုင်း ယာလာခရိုင်နေ ၆၃ နှစ်အရွယ်ထိုင်းပင်စင်စားအမျိုးသားကြီးသည် အိမ်အတွင်း သို့ဝင်ရောက်ကာ ရန်လိုတိုက်ခိုက်သော မျောက်ဝံရိုင်းတစ်ကောင်နှင့် တိုက်ခိုက်ရာမှ သေဆုံးခဲ့ရသည်။
ချိုင်ဖန်စေအန်းဆိုသည့် ယင်းအမျိုးသားကြီးကို ဒီဇင်ဘာ ၆ ရက်က နေအိမ်ခန်း နံရန်အား မှီလျှက် သေဆုံးနေသည်ကို တူတော်စပ်သူမှ မြင်တွေ့ခဲ့ပြီး တစ်ကိုယ်လုံးကိုက်ရာများ၊ ကုပ်ရာများရှိနေသည့် အပင် ခြေထောက်ကိုပါ ကိုက်ဖြတ်ထားခြင်းကြောင့် မျောက်ဝံရိုင်းကို တိုက်ခိုက်မှု၌ မနိုင်ဘဲ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
မျောက်ဝံမများအပေါ် “မ” လိုက်နေပြီး မြင်သမျှ ပြည်သူများကို ရန်လို တိုက်ခိုက်နေသည့် မျောက်ဝံသည် လွန်ခဲ့သည့် ၁၀ ရက်ကတည်းက ချိုင်ဖန်စေအန်းကို ရန်ပြု ကိုက်ခဲခဲ့သေးပြီး မိသားစုက ယင်းမျောက်ရန်ကြောင့် နေအိမ်မှ ရှောင်ရှားကာ နေထိုင်နေချိန် ချိုင်ဖန်စေအန်းက ၎င်းတို့နေအိမ်ထဲ ကျူးကျော်နေထိုင်နေသည့် ယင်းမျောက်ဝံကို ရိုက်နှက်ရန် အိမ်အတွင်းဝင်အလာတွင် ယခုလို လက်ထဲ သံထုတ်ကိုင်လျှက်သေဆုံးနေသည်ကို မြင်ရခြင်းဖြစ်မည်ဟု ဆွေမျိုးတော်သူများက သုံးသပ်ပြောဆိုကြသည်။
အလောင်းတွေ့ချိန် ခန္ဓာကိုယ်မှ အနံ့ထွက်နေသဖြင့် လွန်ခဲ့သည့် ၃ ရက်ကျော်ကတည်းက ချိုင်အန်စေအန်း သေဆုံးနှင့်သည်ဟု သုံးသပ်ခဲ့ကြသည်။
ရဲတပ်ဖွဲ့ သေဆုံးသူအိမ်ထဲအရောက် လှေကားပေါ်တွင် ယင်းတရားခံမျောက်ဝံကို ရန်လိုဟန်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့ခဲ့ရပြီး လူသေဆုံးသည်အထိ ရန်လိုသည့်ထိုမျောက်ဝံကို တွေ့သည်နှင့်ပစ်သတ်ရန် ရဲတပ်ဖွဲ့က ပစ်မိန့် ပေးခဲ့ကြောင်းလည်း သိရသည်။
ထိုင်းနှင့်အာရှနိုင်ငံများတွင် ယင်းမျောက်ဝံမျိုးနွယ်များ အကောင်ရေများစွာ တိုးပွားပေါက်ဖွား လာခြင်းနှင့်အတူ မကြာခဏဆိုသလို လူနေရပ်ဝန်းများသို့ အုပ်စုလိုက်ဝင်လာပြီး ရမ်းကား တိုက်ခိုက်မှုများ လုပ်ဆောင်နေကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်ကလည်း တရုတ်နိုင်ငံ ကျန်လင်းရှန်းပန်းခြံဝန်းအတွင်း ပြည်ပခရီးသွားများစွာရှိနေစဉ် တောင်ပေါ်မှ အကောင်ရေ ရာကျော်သည့် မျောက်ဝံရိုင်းများ အုပ်လိုက်ကျူးကျော်ရောက်ရှိကာ ရန်ပြုကြသဖြင့် ထွက်ပြေး ပုန်းအောင်းရသည့် ဗီဒီယိုမှတ်တမ်းများလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သေးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ထိုင်းနိုင်ငံ
#မျောက်ဝံ
#သေဆုံး
#ရဲတပ်ဖွဲ့








