မဲခေါင်၊ ဒီဇင်ဘာ ၇
ကားဟွန်းတီးသည်ဟု ဆိုကာ ရှမ်းတောင်၊ ဟိုပုံးဒေသခံ ပအိုဝ်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်း မဲခေါင် သတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်က ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်၊ နယ်မြေ – ၁ နေသူ ခွန်မောင်ထိပ်သည် ဟိုပုံးမြို့ရှိ စစ်ကောင်စီ၏ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှေ့တွင် ကားဟွန်းတီးမိသဖြင့် ယင်းကျောင်း၏ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ တပ်သားများက ဝိုင်းရိုက်ခဲ့ကြောင်းသိရသည်။
ယင်းကြောင့် ဒဏ်ရာ အပြင်းအထန်ရသည့် ခွန်မောင်ထိပ်ကို ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း အရိုက်ခံရသည့် ဒဏ်ရာဖြင့်ပင် ဒီဇင်ဘာ ၃ ရက်တွင် သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သူတို့ ဂိတ်နားမှာ ဟွန်းတီးရမလား၊ မင်းတို့က ဘာကောင်တွေလည်း ဆိုပြီးတော့ စစ်သားတွေက ကားပေါ်ကနေ ဆွဲချပြီး ဝိုင်းရိုက်ကြတာ။ တစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲ၊ ခေါင်းလည်းကွဲတယ်။ အဲဒီ ဒဏ်နဲ့ပဲ ဆုံးသွားတာ။ မနေ့ ၅ ရက်နေ့မှာပဲ သင်္ဂြိုဟ်လိုက်ပြီ။ စစ်တပ်ကတော့ ဘာမှ တာဝန်မယူဘူး။ လာတောင်းပန်တာ၊ လာကြည့်တာလည်း မရှိဘူး” ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သားများ ဝိုင်းရိုက်သဖြင့် သေဆုံးသူမှာ အသက် ၄၉ နှစ်ရှိပြီး မိဘကို လုပ်ကျွေးနေသူဖြစ်ကာ သေဆုံးချိန်တွင် ဇနီးနှင့် သားတစ်ဦး ကျန်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ဟိုပုံးမြို့ရှိ စစ်ကောင်စီ၏ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ စစ်ဆေးရေးဂိတ်သည် ကားသမားများထံမှ ဖမ်းဆီးငွေညှစ်ခြင်း၊ ဒေသခံများအပေါ် အနိုင်ကျင့်ခြင်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်။
#MeKongNews
#ဟိုပုံး
#စစ်ကောင်စီ
#ဝိုင်းရိုက်
#သေဆုံး








