မဲခေါင်၊ ဒီဇင်ဘာ ၅
စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကရင်နီပြည်တွင် နိုဝင်ဘာလအတွင်း ပြည်သူ ၁၆ ဦး သေဆုံးခဲ့ရကြောင်း ကရင်နီပြည် လူ့အခွင့်အရေးအဖွဲ့ – KnHRG ဒီဇင်ဘာ ၄ ရက်တွင် သတင်း ထုတ်ပြန်သည်။
သေဆုံးခဲ့ရသည့် ပြည်သူ ၁၆ ဦးတွင် ကလေးတစ်ဦး၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁၂ ဦး ပါဝင်သည်ဟု KnHRG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့်လည်း နိုဝင်ဘာလအတွင်း ကရင်နီပြည်သူ ၅၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ထိခိုက် ဒဏ်ရာရရှိသူများတွင် ကလေး ၃ ဦး၊ အမျိုးသမီး ၆ ဦးပါဝင်သည်ဟု KnHRG က ဆိုသည်။
နိုဝင်ဘာလအတွင်း ထိခိုက် သေဆုံးခဲ့ရသည့် ပြည်သူများသည် စစ်ကောင်စီနှင့် လက်အောက်ခံ PNO – ပြည်သူ့စစ်တို့၏ လေကြောင်း တိုက်ခိုက်မှုများ၊ ဒရုန်း တိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အပြစ်မဲ့ ပြည်သူများအား လေယာဉ်ဖြင့် လိုက်လံဗုံးကြဲ သတ်ဖြတ်ခြင်းများကို စစ်ကောင်စီတပ်က မလုပ်ရန် တောင်းဆိုလိုကြောင်း ဗုံးဒဏ်သင့်ခဲ့ရသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“လူသား အချင်းချင်းကို နားလည်စေချင်တယ် ပေါ့နော်၊ အပြစ်လည်း မလုပ်ထားဘူး။ အပြစ်မရှိတဲ့ ပြည်သူတွေကို အဲလိုမျိုး လေယာဉ်နဲ့ လိုက်မဲ လိုက်ကြဲ၊ လိုက်ရက်စက်နေတဲ့ ဟာကျတော့ မလုပ်စေချင်ဘူး ပေါ့နော်” ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်နေသည့် စစ်ကောင်စီတပ်အား အရေးယူပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား တောင်းဆိုထားသည်ဟု KnHRG က ပြောသည်။
“ကရင်နီ ပြည်သူများသည် ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ရင်း အနာဂါတ်အတွက် မသေချာ မရေရာမှုများနှင့် ရင်ဆိုင်နေရသည်။ တရားမျှတမှုအတွက် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းများက အတူတကွ ပူးပေါင်း လုပ်ဆောင်ပြီး စစ်ကော်မရှင်တပ်၏ လုပ်ရပ်များကို အမြစ်ပြတ် လုပ်ဆောင်ရန် လိုအပ်သည်”ဟု KnHRG က ပြောသည်။
ထို့ပြင် စစ်ကောင်စီအပေါ် လက်နက်ရောင်းချမှု တားမြစ်ပြီး လေကြောင်းတိုက်ခိုက်မှု အဆုံးသတ်ရေး လေယာဉ် မပျံသန်သန်းရဇုန် သတ်မှတ်ရန်နှင့် စစ်တပ်အား လေယာဉ်ဆီရောင်းချ ထောက်ပံ့မှုကို အရေးယူရန် လိုအပ်ကြောင်းလည်း ဆိုသည်။
#MeKongNews
#ကရင်နီ
#စစ်ကောင်စီ
#ပြည်သူ
#သေဆုံး








