မဲခေါင်၊ ဒီဇင်ဘာ ၄
ထိုင်းအာဏာပိုင်များသည် အကြီးစားကျားဖြန့်နှိမ်နင်းမှုစီမံကိန်းအရ ထိုင်းနိုင်ငံတစ်ဝန်း ခရိုင် ၂၂ ခုရှိ နေရာပေါင်း ၅၀ ကို စုံစမ်းစစ်ဆေးကာ ဝင်ရောက်စီးနင်းခဲ့ရာတွင် ဘတ် ၁၀ ဘီလီယံကျော် (ဒေါ်လာ ၃၁၃ သန်းကျော်) ဖိုး သိမ်းဆည်းရမိခဲ့သည်ဟု ဒီဇင်ဘာ ၃ ရက်၌ ထုတ်ပြန်ခဲ့သည်။
နယ်စပ်ဖြတ်ကျော်ကျားဖြန့်လုပ်ငန်းများ အမြစ်ဖြတ်ရေးဆိုသည့် စစ်ဆင်ရေးအရ ကမ္ဘောဒီးယား အခြေစိုက်ကာ ထိုင်းနိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေသည့် ကျားဖြန့်ကွန်ရက်များနှင့် ပတ်သက်ကာ စုံစမ်းဖော်ထုတ် စီးနင်းရာ ဇိမ်ခံရွက်လှေ၊ အဆင့်မြင့် ဇိမ်ခံကားများ၊ ဘဏ်စာရင်း သိမ်းဆည်းမှုများ၊ အခြားပိုင်ဆိုင်မှုများကို ထိုင်းစုံစမ်းထောက်လှမ်းရေးဗဟိုမှ ဦးဆောင်ကာ ဖော်ဆောင်ခဲ့ရာ အဓိက ကျားဖြန့်ကွန်ရက်ကြီး ၄ ခုနှင့်ပတ်သက်သော သိမ်းဆည်းရမိမှုများ များပြား ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် အနုတင်က သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောကြားခဲ့သည်။
ယင်းကျားဖြန့် အဓိက ကွန်ရက်ကြီး ၄ ခုမှာ တရုတ်-ကမ္ဘောဒီးယားစီးပွားရေးသမား ချန်ဇီ (Chen Zhi) ကွန်ရက်မှ ပစ္စည်းပေါင်း ၁၀၂ ခု (တန်ကြေး ဘတ် ၃၇၃ သန်း- ဒေါ်လာ ၁၁ ဒသမ ၇ သန်း)ဖိုး သိမ်း ဆည်းခဲ့ကြောင်း၊ ဒုတိယကွန်ရက်မှာ ကမ္ဘောဒီးယားကျားဖြန့်ခေါင်းဆောင် ကော့အန် (Kok An) နှင်ပတ်သက်သည့် ပစ္စည်း ၉၀ (တန်ကြေး ဘတ် ၄၆၇ သန်း – ဒေါ်လာ ၁၄ ဒသမ ၆ သန်း) ဖိုး၊ အကြီးမားဆုံး သိမ်းဆည်းမှုအဖြစ် တန်မိုထိုင်းနှင့် မစ္စတာယင်းလိခ်နှင့် မစ္စတာဘန်စမစ်တို့ ပိုင်ဆိုင်မှုများ သိမ်းယူခြင်း ဖြစ်ကာ မြေ၊ ကွန်ဒိုးတိုက်ခန်းများအပါ ပစ္စည်းပေါင်း ၉၀ (တန်ကြေးအားဖြင့် ဘတ် ၉ ဒသမ ၂၇၉ ဘီလီယံ – ဒေါ်လာသန်း ၂၉၀ဖိုး) တို့ ပါဝင်ကာ ZEEKR 009 ကားတစ်စီး၊ Ferrari 488 GTB ကားတစ်စီးနှင့် Porsche Cayenne S E-Hybrid Coupe ကားတို့လည်း ပါဝင်ခဲ့သည်။ စတုတ္ထ ကွန်ရက်သည် ခရစ်ပတိုငွေကြေးဖြင့် စတော့စျေးကွက်တွင် ငွေကြေးခဝါချကစားခြင်းများ ပြုလုပ်ခဲ့သော Eua-Angkoon အပါ အခြားဆက်စပ်ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်းဖြစ်ကာ ဘတ် ၄၆ သန်း (ဒေါ်လာ ၁ ဒသမ ၄ သန်း) တန်သော ပစ္စည်း ၃၁ မျိုး သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကမ္ဘောဒီးယား စီးပွားရေးဘဏ် BIC ဥက္ကဌ မစ္စတာ ယင်းလိခ်သည် ထိုင်းအမျိုးသမီးကို ဇနီးလုပ်ကာ ထိုင်းနိုင်ငံသားခံယူထားမှုကိုလည်း နိုင်ငံသားအဖြစ်မှ ပြန်လည် ပယ်ဖျက်သည်ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသလို သိမ်းဆည်းပစ္စည်းများအား ရက် ၉၀ ယာယီသိမ်းထားခြင်းဖြစ်ကာ တရားမဝင် ဥပဒေပြင်ပမှ ရှာဖွေရယူထားသည့် ပစ္စည်းများမဟုတ်ကြောင်း ရက် ၃၀ အတွင်း အယူခံတင်သွင်းကာ ခိုင်လုံခဲ့လျှင် ပြန်ပေးသွားမည်ဟုလည်း ရှင်းလင်းပြောကြားသွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ကျားဖြန့်
#ထိုင်းနိုင်ငံ
#နှိမ်နင်းရေး
#ဇိမ်ခံကား
#ချန်ဇီ








