မဲခေါင်၊ ဒီဇင်ဘာ ၁
ပြီးခဲ့သည့်တစ်ပတ်အတွင်း အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားနှင့် သီရိလင်္ကာတို့တွင် ဆယ်စုနှစ်ကျော် ကာလများအတွင်း အဆိုးရွားဆုံးရေကြီးရေလျံမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူပေါင်း ၆၀၀ ဝန်းကျင်ရှိခဲ့ပြီဖြစ်သည်။
နိုဝင်ဘာ ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမြောက်ပိုင်း၌ ရေကြီး မြေပြိုမှုများ ဆိုးရွားစွာဖြစ်ပွားခဲ့ရာ နေအိမ်များစွာ ရေစီးနှင့်ပါသွားခြင်း၊ ရွံ့နွံများ ဖုံးအုပ်သွားခြင်းတို့ ကြောင့် နိုဝင်ဘာ ၂၉ ရက် စာရင်းဇယားအရ အယောက် ၃၀၀ ကျော်သေဆုံးပြီး ယခုအထိ ရာနှင့်ချီပျောက်ဆုံးကာ ထောင်နှင့်ချီ ပိတ်မိနေသဖြင့် သေဆုံးမှုနှုန်းများ ထပ်မံမြင့်တက်လာဖွယ် ရှိသည်။
ထိုင်းတောင်ပိုင်းတွင်လည်း တစ်ပတ်နီးပါး ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများကြောင့် အနည်းဆုံး ၁၆၀ ကျော်သေဆုံးကာ သီရိလင်္ကာရေဘေးသည်လည်း အနည်းဆုံး ၁၅၉ ယောက် ကျော်သေဆုံးပြီး ၁၇၀ ကျော် ပျောက်ဆုံးနေသဖြင့် ဆိုးရွားလွန်းသည့် အနေအထားတွင်ရှိနေသည်။
မလေးရှားတွင်လည်း လူပေါင်း များစွာ ရေကြီးမြေပြိုမှုများကြောင့် သေဆုံးခဲ့သဖြင့် လတ်ရှိ စာရင်းဇယားများအရ အဆိုပါနိုင်ငံများ၌ သေဆုံးသူပေါင်း ၆၀၀ ဝန်းကျင်ရှိပြီဖြစ်သည်။
ထိုင်းနိုင်ငံတွင် ရေဘေးသင့်သူ ၃ ဒသမ ၈ သန်းအထိ ရှိခဲ့ကာ ဟက်ရိုင်ခရိုင်၌ နှစ်ပေါင်း ၃၀၀ အတွင်း အမြင့် ဆုံး မိုးရေချိန်အဖြစ် တစ်ရက်တည်း ၃၃၅ မီလီမီတာ နှုန်းရွာသွန်းခဲ့ကာ ရက်ဆက်ရွာသွန်းမှုကြောင့် သေဆုံးသူပေါင်း ၁၆၀ ကျော်ကာ နောက်ထပ် ရာနှင့်ချီနိုင်သော ပျောက်ဆုံးသူများလည်း ရှိနေခဲ့သည်။
ထိုင်းအစိုးရက ရေကြီးမှုကြောင့် မိသားစုအတွင်း သေဆုံးမှုများရှိသူများအတွက် အမြင့်ဆုံး ကူညီမှု အဖြစ် နစ်နာကြေးအပါ ဘတ် ၂ သန်းအထိ ပေးအပ်သွားရန်လည်း ကတိပြုထားသည်။
မိုးလေဝသပညာရှင်များက အရှေ့တောင်အာရှ မုတ်သုန်ရာသီဆုတ်ခွာချိန် မလက္ကာရေလက်ကြား၌ ထူး ခြားသော ကိုတိုတိုက်ဖွန်း၊ ဆန်ညာ ဆိုင်ကလုံးမုန်တိုင်းများဒဏ်ကြောင့် ယခုကဲ့သို့ မကြုံစဖူး ရာသီဥတု ကပ်ဘေး ဆိုက်ခဲ့ရခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့သည်။
ကိုကလင်း
Ref: bbc
Photo – Getty Images
#MeKongNews
#ထိုင်းနိုင်ငံ
#အင်ဒိုနီးရှား
#မလေးရှား
#သီရိလင်္ကာ
#ရေကြီးနစ်မြုပ်








