မဲခေါင်၊ ဒီဇင်ဘာ ၁
မြင်းကျဒိုးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်အား ပစ်ခတ်ရှင်းလင်းမှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA သတင်းနှင့် ပြန်ကြားရေးက နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများစွာ ကျူးလွန်ခဲ့သော ပျူခေါင်းဆောင်အကြီးစားနှင့် လက်အောက်ခံတစ်ဦးအား အိမ်စီးကားဖြင့် ထွက်လာစဉ် ယမန်နေ့ နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“သူ့ကို ပြောက်ကျားနည်းနဲ့ စောင့်ပြီးရှင်းတာဗျ”ဟု DSNDA ပြန်ကြားရေးတာဝန်ခံ ကျားပျံက မဲခေါင်သို့ ပြောသည်။
ရှင်းလင်းချိန်တွင် ပစ္စတိုတစ်လက်၊ ၉ မမ ကျည် ၁၆ တောင့်နှင့် အခြား သက်သေခံပစ္စည်းများ သိမ်းဆည်းမိကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ ပစ်ခတ်ရှင်းလင်းနိုင်ရန် သေဆုံးသူ ပျူခေါင်းဆောင်နှင့် အနီးကပ်နေသူတစ်ဦးက သတင်းပေးခဲ့ပြီး သတင်းပေးသူလည်း DSNDA ထံ ပူးပေါင်းလာခဲ့ကြောင်း သိရသည်။
၎င်းသည် ရွာငံတွင် အကြီးဆုံး ပျူစောထီးဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လပိုင်းက ပဲရင်းတောင်ရွာကို မီးရှို့ပြီး ပြည်သူ ၇ ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သူဟု ဆိုသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဇွန်လပိုင်းတွင် လွှစင်ကျေးရွာမှ ပြည်သူနေအိမ် ၄ လုံး၊ ၂၀၂၃ ခုနှစ်၊ မေလမှ ဇူလိုင်အကြားတွင် မြက်ခါးအင်းရွာမှ ပြည်သူနေအိမ် ၃၇ လုံး၊ ကျောက်ပချုပ်ရွာမှ အိမ်ခြေ ၅ လုံး မီးရှို့မှုနှင့် ၁၅ နှစ် အရွယ် မိန်းကလေးတစ်ဦးအား မုဒိန်းကျင့်ခဲ့သော ပြစ်မှုများအပါအဝင် မင်းပလောင်ကျေးရွာအား ရွာလုံးကျွတ် မီးရှို့မှုများ၌ စစ်ကောင်စီတပ်မ ၅၅ လက်အောက်ခံတပ်များနှင့် ပူးပေါင်းပြီး ဦးဆောင်ပါဝင်ခဲ့သူဟု DSDNA က ဆိုသည်။
ထို့အတူ ရွာငံမြို့နယ်၌ သစ်များကို စစ်တပ်နှင့်ပေါင်း၍ တရားမဝင် ထုတ်ယူနေပြီး အသားလိုင်စင် အကြောင်းပြကာ သာရေးနာရေးမကျန် ပွဲလမ်းသဘင်များတွင် အခွန်ငွေများကို အတင်းအဓမ္မ တောင်းယူနေသူလည်း ဖြစ်သည်ဟု DSDNA ကဆိုသည်။
ယင်းသာမက PDF နှင့် အဆက်သွယ်ရှိသည် ဟုဆိုကာ ဖမ်းဆီးမှုများလည်း ရှိသဖြင့် ပြည်သူများ အမြဲစိုးရိမ်နေရကြောင်းလည်း သိရသည်။
ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းပြီးနောက် ကျန်သော ပျူဝင်းမြင့် လက်အောက်ခံများနှင့် စစ်ကောင်စီ ထောက်တိုင်များကိုလည်း ပြည်သူအပေါ် ယုတ်မာမှုများ ကျူးလွန်လာပါက ထပ်မံ ရှင်းလင်းသွားမည်ဟု DSNDA က ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
#MeKongNews
#မြင်းကျဒိုး
#ပျူခေါင်းဆောင်
#ပစ်ခတ်ရှင်းလင်း
#DSNDA








