မဲခေါင်၊ နိုဝင်ဘာ ၂၉
အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ ပျားမွေးမြူရေးခြံရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ကျောက်တင် ၆ ဘီးကားအား တောင်ကြီးမှ ကလောသို့ မောင်းနှင်လာသော TOYOTA MARK X ခဲရောင်ယာဉ်က ဝင်တိုက်မိပြီး အမျိုးသား ၃ ဦးသေဆုံးကာ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီကျော်တွင် ဖြစ်ပွားခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။
“ကျောက်တင်ယာဉ်က လမ်းပေါ်ရပ်ထားတယ် ရောင်ပြန်လည်းမပါဘူး၊ မောင်းလာတဲ့ကားကလည်း အရှိန်နဲ့ ညဖက်ဆိုတော့ မရှောင်နိုင်တော့ဘူး။ နောက်ကနေ အရှိန်နဲ့ဝင်တိုက်တာ ၃ ဦး ပွဲချင်းပဲ ဆုံးသွားပါတယ်။ စိတ်လည်းမကောင်းပါဘူး”ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်
သေဆုံးသူများမှာ ပင်မှီရွာသားများဖြစ်သည့် ယာဥ်မောင်း ကိုနိုင်၊ ကိုလှဆောင်၊ ကိုရွှေအိုးတို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။
“မင်္ဂလာရပ်ကွက် ပျားမွေးမြူရေးခြံရှေ့အနီး မူးလာတာ၊ အရှိန်မထိန်းနိုင်လို့ လမ်းဘေးချ ရပ်ထားတဲ့ကားကို ဝင်တိုက်တာ”ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
သေဆုံး၊ ဒဏ်ရာရသူများကို အောင်ပန်း နာရေးကူညီမှုအသင်းနှင့် မီးသတ်တပ်ဖွဲ့က လာရောက်ကူညီပြီး မဟာလူမှုကယ်ဆယ်ရေးအသင်းပိုင် လူနာတင်ယာဉ်များဖြင့် အောင်ပန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက် တွင်လည်း ရွှေညောင်မြို့၊ တပ်ဦးကျောင်းအရှေ့တွင် တောင်ကြီး တန်ဆောင်တိုင်မှ ပြန်လာသော ဆိုင်ကယ်တစ်စီးနှင့် ရန်ကုန်မှလာသော မိုးကောင်းကင် Express ကားတို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်စီးသူ၂ ဦး သေဆုံးခဲ့သေးကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
#MeKongNews
#အောင်ပန်း
#မင်္ဂလာရပ်ကွက်
#ကားတိုက်
#သေဆုံး








