မဲခေါင်၊ နိုဝင်ဘာ ၂၇
၅၀၅ – က ဖြင့် ထောင်ချခံထားရသူများအား စစ်ကောင်စီက လွှတ်ပေးမှုတွင် ညောင်ရွှေထောင်၌ အကျဉ်းကျနေသူ ၈ ဦး ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် လွတ်မြောက်လာကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
၎င်းတို့မှာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။
အခြား နိုင်ငံရေးဆက်နွှယ်အမှုများမှာ အကြမ်းဖက်ပုဒ်မများနှင့် စွဲထားသည့်အမှုများသာ ရှိကြောင်း သိရသည်။
“အခြားပုဒ်မ တွဲခံနေရသူတွေပေါ့လေ၊ အခု ၅၀၅ ပြုတ်တော့ အကြမ်းဖက် ၅၂ နဲ့တွဲတာမျိုးဆိုရင် လွတ်နီးဖြစ်သွားတာပေါ့”ဟု နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။
ပုဒ်မ ၅၀၅ – က ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၇၂၄ ဦးကို “နောက်ထပ်ပြစ်မှု ထပ်မံကျူးလွန်ပါက ကျခံရန် ကျန်ရှိနေသည့် ပြစ်ဒဏ်များအား ဆက်လက်ကျခံရမည်” ဟူသည့် စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ကို ထုတ်ပြန်ထားရာ ယခု ညောင်ရွှေထောင်မှ လွတ်သည့် ၈ ဦးသည် ယင်းကြေညာချက်ဖြင့် အကျူံးဝင်ကြောင်း တွေ့ရသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ – က အမှုဖွင့်ခံရပြီး ပြစ်ဒဏ်ကျခံနေရသူ ၂၃၆၁ ဦးကို ကျခံရန် ကျန်ရှိနေသည့် ပြစ်ဒဏ်များအား လျှော့ပေါ့ကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ယမန်နေ့ နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီတွင် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေး တိမ်းရှောင်နေသည့်အတွက် ပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ ဦး၏ အမှုများအား ပိတ်သိမ်းပြီး အမှုမှလွှတ်ရန်လည်း ထုတ်ပြန်ခဲ့သည်။
#MeKongNews
#ညောင်ရွှေထောင်
#စစ်ကောင်စီ
#လွတ်မြောက်
#၅၀၅-က








