မဲခေါင်၊ နိုဝင်ဘာ ၂၅
တောင်ကြီးမြို့နယ်၊ ညိုမှီးကျေးရွာ၌ စလော့ကျွဲဂိမ်း စွဲလမ်းနေသည့် ဆယ်အိမ်ခေါင်းတစ်ဦးက ကားတစ်စီးနှင့် အများပိုင်ငွေ ၂၅ သိန်းကျပ်ကို ခိုးယူထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ပင်လုံမြို့မှ ညိုမှီးကျေးရွာတွင် အိမ်ထောင်ကျနေသူဖြစ်သည့် ခွန်အောင်သိန်း ဆိုသူသည် ယင်းကျေးရွာမှ ပြည်သူတစ်ဦး၏ ကားကို လိမ်လည်ခိုးယူကာ အများပြည်သူက အပ်နှံထားသည့် ကျေးရွာပိုင်ငွေ ၂၅ သိန်းကိုပါ ခိုးယူ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
“သူက ပင်လုံကနေ ညိုမှီးကို အိမ်ထောင်ကျလာတာ နောက်တော့ ဆယ်အိမ်ခေါင်း ဖြစ်လာတယ်။ ဆယ်အိမ်ခေါင်းဖြစ်ပြီးမှ ကျွဲဂိမ်းတွေဆော့ လောင်းကစားတွေလုပ်နဲ့ ငွေလိုလာတော့ သူများ ဆိုင်ကယ်တစ်စီးကိုလည်း ခဏဆိုပြီးယူသွားပြီး ရောင်းစားသွားတယ်။ အခုတစ်ခေါက်လည်း သူများအိမ်စီးကားကို ခဏဆိုပြီး ယူသွားတာ ပြန်မပေါ်လာတော့မှ စုံစမ်းတာ ကျေးရွာပိုင်ငွေ ၂၅ သိန်းရော သူ့မိန်းမနဲ့ ငွေတွေကိုပါယူပြီး ထွက်ပြေးသွားမှန်း သိလိုက်တာ”ဟု ရွာခံတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ယူဆောင်ထွက်ပြေးသွားသည်မှာ တစ်လကျော်ပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ခွန်အောင်သိန်းသည် အသက် ၄၀ ကျော်ခန့် ရှိပြီဖြစ်ပြီး လက်ရှိတွင် ၎င်းမည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးဘဲ ကျေးရွာက လိုက်လံရှာဖွေစုံစမ်းဆဲ ဖြစ်ကြောင်းသိရသည်။
#MeKongNews
#ညိုမှီး
#ဆယ်အိမ်ခေါင်း
#ဆယ်အိမ်ခေါင်း
#ခိုးပြေး
ပုံ – ဆယ်အိမ်ခေါင်း ခွန်အောင်သိန်း








