မဲခေါင်၊ နိုဝင်ဘာ ၂၅
ထိုင်းနိုင်ငံတွင် မုတ်သုန်အပြီးသတ်မဆုတ်ခင် စံချိန်တင်မိုးရေချိန်များဖြင့် ဆက်တိုက်ရွာသွန်းနေခြင်းကြောင့် ထိုင်းတောင်ပိုင်း ဆောင်ခလာခရိုင်တစ်ခုလုံး သဘာ၀ဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်လိုက် ကာ အားလုံး ရွှေ့ပြောင်းနေထိုင်ရန် ထိုင်းအစိုးရက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။
ထိုင်းတောင်ပိုင်းတွင် နိုဝင်ဘာ ၂၂ ရက်မှစတင်ကာ ၂၄ နာရီအတွင်း စံချိန်တင်မိုးရေချိန် ၃၀၀ မီလီမီတာ မှ ၅၀၀ မီလီမီတာကြား ရွာသွန်းခဲ့ခြင်းကြောင့် ဆည်မြောင်းများလည်း ရေမထိန်းနိုင်တော့သလို ရေမကျဘဲ ဆက်လက်ရေတက်နေခြင်းမှာ နှစ်ပေါင်း ၃၀၀ အတွင် အဆိုးဆုံးအဆင့်ရောက်နေရသည်ဟု ထိုင်းဆည်မြောင်ဌာနက ဖေ့စ်ဘုတ် စာမျက်နှာတွင် နိုဝင်ဘာ ၂၄ ရက်က တင်ပြီး သက်ဆိုင်ရာ အဖွဲ့ အစည်းများအားလုံး နည်းလမ်းပေါင်းစုံဖြင့် ရေကျသွားစေရန် စုပေါင်းလုပ်ဆောင်ကြရေး သတိပေး တိုက်တွန်းသွားခဲ့သည်။
၂၀၂၅ နိုဝင်ဘာ ၁၉ ရက်မှ စတင်ပြီး ထိုင်းတောင်ပိုင်းဒေသတစ်လျှောက် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေကာ ရက်ဆက် မရပ်မနားမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ချမ်ဖွန်ခရိုင်မှသည် အောက်ဘက်၁၀ ခရိုင်စလုံးတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေကာ နောက်ဆုံး ၂၄ နာရီအတွင်း မိုးရေချိန် ၃၀၀ မှ ၅၀၀ မီလီမီတာကြား ပိုမိုရွာသွန်းလာသဖြင့် ချမ်ဖွန်း၊ ဆူရတ်ဌာနီ၊ နာခွန်းဆီ သမ်မာရတ်၊ ဆာတွန်၊ ဆောင်ခလာ၊ ဖက်သလောင်၊ ထရန်၊ နာရာသီဝပ်၊ ပက်တာနီ၊ ယာလာခရိုင်များ အားလုံး ဆိုးရွားစွာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေကာ ထိုခရိုင် ၁၀ ခုတွင် ရေဘေးသင့်သူပေါင်း ၂ သန်း ဝန်းကျင်ရှိနေခဲ့ပြီဖြစ်သည်။
ယင်းမိုးသည်းထန်မှုကြောင့် မြစ်ကြီးများ၊ မြစ်လက်တက်များ၊ ဆည်မြောင်းများအားလုံးမှ ရေများ မြင့်တက်လာပြီး အသစ်ဖောက်လုပ်လိုက်သော ရေဆင်းလမ်းကြောင်းမှရေများ ဆောင်ခလာရေကန် ကြီးအတွင်းသို့ တစ်စက္ကန့် ၁၂၀၀ ကုဗမီတာနှုန်း စီးဆင်းရောက်ရှိစေရေး အစွမ်းကုန် ကြိုးစားနေကာ ထိုပစ်မှတ် ထိရောက်မှန်ကန်လျှင် ၃ ရက်မှ ၅ ရက်အတွင်း ရေများစိုးရိမ်ရသည့်အဆင့်မျိုး မရှိတော့ဘဲ မြို့ပြဧရိယာများမှ ကျဆင်းသွားနိုင်သည်ဟု ထိုင်းဆည်မြောင်းဦးစီးဌာနက ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းတောင်ပိုင်း
#သဘာဝဘေး
#ရေကြီးနစ်မြုပ်
#လေဖိအားနည်းရပ်ဝန်း








