မဲခေါင်၊ နိုဝင်ဘာ၂၄
စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပင်လောင်း-ဖယ်ခုံနယ်စပ်၊ ဘောရန်ကျေးရွာအနီးတွင် ဘိန်းခြံသို့ နေ့စားလိုက်နေသည့် စစ်ရှောင်အမျိုးသမီး ၃ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ၂၂ရက် နေ့လည်ပိုင်း ဘိန်းခြံထဲ ဘိန်းသိမ်းနေချိန်တွင် စစ်ကောင်စီနှင့် PNOတပ်တို့က ဒရုန်းဖြင့် ရုတ်တရက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူများမှာ အသက်၁၇အရွယ်၊ အသက်၆၀အရွယ်၊ အသက်၄၆နှစ်အရွယ် အမျိုးသမီးများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ခြံက တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်းမနီးဘူး။ ဒရုန်းကလာပြီး ချက်ချင်းပဲ ဗုံးကြဲသွားတယ်။ ရှောင်ချိန်တောင် မရလိုက်ကြဘူး။ ခြံထဲမှာ ၇ဦးရှိတာ ၃ဦးတော့ ပွဲချင်းဆုံးသွားတယ်။ ဒဏ်ရာရသူတော့မရှိဘူး။ စားဝတ်နေရေးအတွက် နေ့စားလိုက်ပြီး ခုလိုဖြစ်သွားတော့ တော်တော်စိတ်မကောင်းဖြစ်ရတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက မဲခေါင်သို့ပြောသည်။
သေဆုံးသူ ၃ဦးစလုံးသည် တစ်ရက်လျင် နှစ်သောင်းကျပ်ဖြင့် စားဝတ်နေရေးအတွက် နေ့စားလိုက်ရသူများဖြစ်ကြပြီး ဘောရန်စစ်ရှောင်စခန်းနှင့် နန့်ပလုံစစ်ရှောင်စခန်းတို့တွင် နေထိုင်ကြကြောင်းသိရသည်။
ပင်လောင်း-ဖယ်ခုံ နယ်စပ်တွင် လက်ရှိအချိန်သည် ဘိန်းသိမ်းသည့် ရာသီဖြစ်သောကြောင့် စားဝတ်နေရေးခက်ခဲသော စစ်ရှောင်များသည် ဝင်ငွေ များများရရှိသော ဘိန်းသိမ်းခြင်းကို နေ့စားလိုက်သူ များပြားကြောင်း စစ်ရှောင်များထံမှ သိရသည်။
ဖယ်ခုံ-ပင်လောင်း နယ်စပ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်-PNO တို့ စစ်ကြောင်းထိုးလာပြီးနောက် အောက်တိုဘာလပထမပတ်အတွင်း ရွာ ၈ရွာမှ ဒေသခံ ၅၀၀၀ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ဘောရန်ရွာကိုလည်း ရွာလုံးကျွတ် မီးရှို့ဖျတ်ဆီးခြင်းခံခဲ့ရကြောင်း ဒေသခံများကပြောသည်။
#MeKongNews
#ပအိုဝ်းဒေသ
#စစ်ဘေးရှောင်
#ဘိန်းခြံ
#ဒရုန်းဗုံးကြဲ








