မဲခေါင်၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဘောရန်ကျေးရွာကို မီးဝင်ရှို့စဉ် တော်လှန်ရေးတပ်ဖွဲ့၏ စနိုက်ပါဖြင့် ပစ်ခတ် ခံရသဖြင့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် ဗိုလ်မှူးတစ်ဦး သေဆုံးသွားကြောင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက် တွင်စစ်ကောင်စီလက်အောက်ခံ PNO ဗိုလ်မှူးခွန်စိုးအောင် ဦးဆောင်သော တပ်ဖွဲ့က ဘောရန်ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး မီးရှို့စဉ် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီး ၎င်းမှာ စနိုက်ပါဖြင့် အပစ်ခံရခြင်းဖြစ်သည် ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ရွာထဲကို သူတို့ဝင်ပြီး မီးရှို့ရှင်းလင်းနေတဲ့အချိန် စနိုက်ပါနဲ့ အပစ်ခံရလို့ တစ်ခါတည်းသေသွားတယ်။ ပြီးခဲ့တဲ့ ၁ ရက် ဘောရန်ကျေးရွာမှာ အပစ်ခံလိုက်ရတာ ပွဲချင်းပြီးပဲတဲ့။ အသုဘပွဲလည်း သူ့ရွာမှာပဲ လုပ်ပြီးသွားပြီ ကလေးတစ်ယောက် ကျန်ရစ်တယ်” ဟု ၎င်းကပြောသည်။
၎င်းသည် တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာအုပ်စု၊ ဇလဲကုန်းသာရွာမှဖြစ်ပြီး ကလေးတစ်ဦး နှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်သည်။
၎င်းသည် မသေဆုံးခင်ကလည်း စစ်ကောင်စီ လက်အောက်ခံ PNO အတွက် လူစုဆောင်းခြင်း၊ ၎င်းကိုယ်တိုင် ဦးဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်း၊ ပြည်သူလူထုကျေးရွာကို မီးရှို့ခြင်းများတွင် ပါဝင်သူ ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည် ။
“တစ်ခါတလေ ရှေ့တန်းကနေ ပြန်လာရင် သူတို့ဘယ်လို တိုက်ပွဲဝင်ရတယ်။ ရွာတွေကို ဘယ်လို မီးရှို့ရှင်းလင်းရ တယ် ဆိုတာမျိုး ကြားလေ့ရှိတယ်။ အခုတော့ သူ့ကံအတိုင်း သူ့လုပ်ရပ်အတိုင်း သူလည်း သေရတယ်လို့ပဲ ပြောရမှာပေါ့ဗျာ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မဲခေါင်က ရရှိထားသည့် စာရင်းများအရ နိုဝင်ဘာလအတွင် ရှမ်း – ကရင်နီနယ်စပ် တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ PNO ဘက်မှ ဗိုလ်မှူးခွန်စိုးအောင်၊ ဗိုလ်မှူးခွန်ဖေ အပါအဝင် ဗိုလ်မှူး ၃ ဦးထက်မနည်း သေဆုံးခဲ့သည်။
#MeKongNews
#ဖယ်ခုံ
# PNOဗိုလ်မှူး
#စနိုက်ပါစာမိ
#သေဆုံး








