မဲခေါင်၊ နိုဝင်ဘာ ၁၇
ရှမ်းပြည်၊ အင်းလေးတောင်ပိုင်းရှိ ကျေးရွာများတွင် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က တစ်ရွာလျှင် လူ ၂၀ ဦးအထိ အတင်းအဓမ္မခေါ်ယူပြီး ရှမ်း – ကရင်နီ နယ်စပ်တိုက်ပွဲသို့ ပို့ဆောင်ကာ တိုက်ပွဲဝင်ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။
အင်းလေးတောင်ပိုင်း၊ စံကားဒေသရှိ ထီခိုး၊ ထီရီး၊ နမ့်ဗွန်၊ လွယ်နွဲ၊ ညောင်လေးပင် စသည့်ကျေးရွာများရှိ ဒေသခံပြည်သူများကို မသွားမနေရစနစ်ဖြင့် PNO ကခေါ်ယူကာ ရှမ်း – ကရင်နီနယ်စပ်ဖြစ်သည့် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲဒေသရှိ တိုက်ပွဲအတွင်းသို့ အောက်တိုဘာလကုန်ပိုင်းမှ စတင်ကာ ပို့ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
“ပြီးခဲ့တဲ့လကုန်ပိုင်းက စခေါ်တာ သင်တန်းတက်ဖူးသူရော မတက်ရသေးတဲ့သူရော တစ်ရွာကို ၁၅ ယောက်ကနေ အယောက် ၂၀ ထိသွားရတယ်။ အကုန်လုံး ပင်လောင်း၊ ဖယ်ခုံနယ်စပ်ဖက် အပို့ခံရတယ်။ အခုထိတော့ ပြန်လာတဲ့လူတွေမရှိသေးဘူး။ အရင်သွားတဲ့လူတွေ ပြန်လာရင် နောက်တဖွဲ့ အလှည့်ကျသွားရမယ်တဲ့ လာခေါ်တုန်းက နေဝင်းထွန်းကိုယ်တိုင်ပါတယ်” ဟု စံကားဒေသခံတဦးက ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်နှင့် PNO သည် ရှမ်း – ကရင်နီနယ်စပ်တွင် စစ်ကြောင်းထိုးနေသဖြင့် လူ အင်အားဖြည့်တင်းရန်အတွက် သင်တန်းမတက်ဖူးသည့် သူများကိုပါ ရှေ့တန်းသို့ ပို့ဆောင်နေခြင်းဖြစ်သည်ဟု နောက်ထပ် ဒေသခံသတင်းရင်းမြစ်က ပြောသည်။
“အရင် သင်တန်းပေးတုန်းကတော့ အသက် ၃၅ နှစ်အောက်တွေကို ပေးတာ အခုလာခေါ်တော့ သွားရတဲ့လူတွေက သင်တန်းတက်ဖူးတာရော မတက်ဖူးတာရော တစ်ရွာလုံး မဲနှိုက်ပြီး သွားကြရတယ်။ သင်တန်းပေးတုန်း စံကားဒေသမှာပဲ နေရမယ်ပြောပြီး အခုက နယ်စပ်ဘက်ကို အပို့ခံရလိုက်ရတယ်။ မသွားမနေရဆိုတော့လည်း သူများကိုမနိုင်တော့ သွားကြရတာပဲ။ ပင်လောင်းနယ်စပ်ဖက်မှာ PNO တွေ အကျများနေတယ်လို့ သတင်းလည်းထွက်ကြ တော့ အိမ်ကမိသားစုတွေက သောကတွေနဲ့ပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စံကားဒေသခံများသည် ရှမ်း – ကရင်နီနယ်စပ်သို့ ပို့ဆောင်ခံရခြင်းအပြင် ဒေသတွင်းတွင်လည်း စစ်နီယူဖောင်းဝတ်ကာ ကင်းစောင့်နေရပြီး PNO အတွက်လည်း ထမင်းထုပ်များ နေ့စဉ် ပို့ပေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းနှင့် ပတ်သက်ပြီး PNO စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်မြင့်အောင်ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။
စစ်ကောင်စီ လက်အောက်ခံ PNO သည် လက်ရှိတွင် ရှမ်း – ကရင်နီ နယ်စပ်တွင် စစ်ကောင်စီနှင့်အတူ ပူးပေါင်းကာ စစ်ကြောင်းထိုး တိုက်ခိုက်နေသည်။
#MeKongNews
#အင်းလေးတောင်ပိုင်း
#PNO
#စံကားဒေသ
#အဓမ္မလူစု








