မဲခေါင်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၌ ၁၀၂၇ စစ်ဆင်ရေးများအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်း ၂၀၀ ကျော်ကို MNDAA က ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းတို့နှင့်နီးစပ်သူ လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
ယင်းစစ်သုံ့ပန်းများကို လားရှိုးမြို့၊ ဟိုပိတ်ရွာ၌ ယနေ့နံနက်ပိုင်းတွင် ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“သူတို့ စစ်ဆေးရုံ ၉/၁၀၀ ထဲကို ရောက်နေပြီ။ အရာရှိတွေရောပါတယ် သိရတယ်၊ အားလုံး ၂၀၂ ယောက်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်တွင်လည်း စစ်သုံ့ပန်း ၄၆ ဦးကို MNDAA က ပြန်လွှတ်ပေးခဲ့သေးသည်။
စစ်ကောင်စီတပ်မိသားစု လူမှုကွန်ရက်များတွင်လည်း ၎င်းတို့နှင့် တော်စပ်သူများ ပါ၊ မပါ စုံစမ်းနေကြသည်ကို တွေ့ရသည်။
လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် နှစ်ဖက်စစ်ရေး တင်းမာနေချိန်တွင် MNDAA က ယင်းကဲ့သို့ ပြန်လွှတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
နိုဝင်ဘာ ၁၁ ရက်တွင် လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ်ဆွေးနွေးမှု မပြေမလည်ဖြစ်ပြီးနောက် ယမန်နေ့မှစ၍ သီပေါတံတားကို နှစ်ဖက် အပြန်အလှန်ပိတ်ဆို့ပြီး စစ်ရေးတင်းမာလျက်ရှိရာ MNDAA က ယခုကဲ့သို့ စစ်သုံ့ပန်းများလွှတ်ပေးခြင်းဖြင့် ယင်းအခြေအနေကို လျော့ကျသွားစေမည်ဟု မျှော်လင့်ရသည်။
ယင်းမတိုင်မီ သီပေါ-လားရှိုးလမ်းပိုင်းနှင့် ဟိုယဘက်မှ MNDAA တပ်များအား စစ်ကောင်စီက ဆုတ်ခွာခိုင်းရာမှ နှစ်ဖက်စစ်ရေး တင်းမာနေခဲ့သည်။
#MeKongNews
#စစ်ကောင်စီသုံ့ပန်း
#MNDAA
#၁၀၂၇
#လားရှိုး
မှတ်ချက် – ပုံဟောင်း








